
ဇန်နဝါရီလ ၂ရက်နေ့၊ ၂၀၂၄ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကြောင့် ညောင်ပင်ကွင်းရွာရှိ အိမ်နှစ်ဆောင် ထိခိုက်ပျက်စီးခဲ့တယ်လို့ တနင်္သာရီမြို့နယ်ရှိ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
ဒီဇင်ဘာလ ၃၁ရက်နေ့၊ ညသန်းခေါင်ယံအချိန် ၁၂နာရီကျော်လောက်မှာ တနင်္သာရီမြို့နယ်ရှိ ညောင်ပင်ကွင်းရွာ အခြေစိုက် ခမရ (၅၆၁) တပ်ရင်းကနေ အဲ့ဒီရွာထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ညောင်ပင်းကွင်းရွာရှိ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ သူတို့ပစ်တဲ့အချိန် ရွာထဲမှာ လူမရှိတော့ဘူး။ ပထမဆုံး လက်နက်ငယ်တွေနဲ့ အရင်ပစ်တာ။ အဲ့တာကို ကြားလို့ ထွက်ပြေးပြီး သိပ်မကြာဘူး။ လက်နက်ကြီး ပစ်တာဘဲ” လို့သူက အခုလိုပြောပါတယ်။
အခုလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်းရွာက တိုက်အိမ်တစ်ဆောင်နဲ့ ပျဉ်ထောင်အိမ်တစ်ဆောင်ထိခိုက် ပျက်စီးခဲ့ပြီး လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အချိန် ကျေးရွာထဲ လူမရှိတာကြောင့် အရပ်သားထိခိုက်မှုတော့ မရှိဘူးလို့ တနင်္သာရီမြို့နယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
“ အိမ်နှစ်အိမ်မှာ တစ်အိမ်ကတော့ ကြေမွသွားတယ်။ လူတော့ ထိခိုက်မရှိဘူး။ လက်နက်ကြီးပစ်တာက ၃၊ ၄ချက်ပဲ။ သူတို့က ဘာမှမဟုတ်ဘဲနဲ့လည်း ရမ်းပစ်နေတာ။ ဘာကြောင့်ပစ်လို့ ပစ်မှန်းမသိဘူး” လို့သူက ပြောပါတယ်။
ပြီးခဲတဲ့ ဒီဇင်ဘာလက တနင်္သာရီမြို့နယ်ထဲရှိ ညောင်ပင်ကွင်းရွာ၊ ရေဖြူရွာ၊ တမုတ်ချုံးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်မှာ ဒီဇင်ဘာလ ၉ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် အမျိုးသမီးတစ်ဦးထိခိုက်ပြီး နွားသုံးကောင်းသေဆုံးခဲ့သေးတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
စစ်ကောင်စီတပ် အာဏာသိမ်းတဲ့အချိန်ကစပြီး စစ်တပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကြောင့် တနင်္သာရီမြိုနယ်အတွင်း လက်နက်ကြီးကျည်ထိမှန်တာကြောင့် ထိခိုက်သေဆုံးသူ ၁၀၀ကျော်ရှိတယ်လို တနင်္သာရီမြိုနယ်ရှိ အရပ်ဖက်အဖွဲအစည်းတွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)