Dawei Watch သတင်းဌာနက သတင်းထောက်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ဒီဇင်ဘာလ ၁၃ရက်နေ့၊ ၂၀၂၃ခုနစ်

တနင်္သာရီတိုင်း အခြေစိုက် Dawei Watch သတင်းဌာရဲ့ မြိတ်မြို့က သတင်းထောက်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ Dawei Watch သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဇင်ဘာလ ၁၁ရက်နေ့၊ ညသန်းခေါင်အချိန်လောက်မှာ စစ်ကောင်စီတပ်တွေက မြိတ်မြို့ရှိ သူတို့ရဲ့နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ သူတွေက Dawei Watch သတင်းဌာရဲ့ မြိတ်မြို့က သတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုအောင်ဆန်းဦးနဲ့ ကိုမျိုးမြင့်ဦးတို့ ဖြစ်ပြီး သတင်းရေးသားတာကြောင့် ဖမ်းဆီးတာဖြစ်တယ်လို့ စစ်ကောင်စီတပ်သားတွေက မိသားစုဝင်တွေကို ပြောဆိုခဲ့တယ်လို့ ဖမ်းဆီးခံရသူမိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

“ သတင်းရေးနေလို့ ဖမ်းတဲ့ပုံစံမျိုးပြောတယ်။ ဘယ်လိုသတင်းတွေကိုရေးလို့ ဖမ်းတယ်ဆိုတာမျိုမပြောဘူး။ လာဝိုင်းတဲ့ အင်အားက တော်တော်များတယ်” လို့သူကအခုလိုပြောပါတယ်။

လက်ရှိမှာတော့ အဲ့ဒီသတင်းထောက်နှစ်ဦးကို မြိတ်မြို့နယ်မှာရှိတဲ့ စစ်ကြောရေးစခန်းသုံးခုထဲက တစ်ခုမှာ ချုပ်နှောင်စစ်ဆေးခံနေရတယ်လို့ Dawei Watch သတင်းဌာနရဲ့ အယ်တီတာချုပ်က ပြောပါတယ်။

“ ဘယ်စစ်ကြောရေးကို ရောက်နေတယ်ဆိုတာကိုတော့ ကျနော်တို့ တိတိကျကျမသိဘူး။ မြိတ်မှာက စစ်ကြောရေးစခန်း သုံးခုရှိတယ်” လို့သူကပြောပြပါတယ်။

စစ်ကောင်စီတပ်သားတွေက သတင်းဌာနပိုင် Laptop(၂)လုံး၊ သတင်းထောက်တွေရဲ့ ဖုန်းတွေနဲ့ မိသားစုဝင်တွေရဲ့ ဖုန်းတွေကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။

သတင်းသမားတွေက သတင်းသမားကျင့်ဝတ်နဲ့အညီ သတင်းရေးသားတာဟာ ပြစ်မှုကျွန်းလွန်တာမဟုတ်တာကြောင့် ဖမ်းဆီးပိုင်ခွင့်မရှိကြောင်း၊ ဥပဒေမဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ သတင်းသမားနှစ်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ Dawei Watch သတင်းဌာနရဲ့ အယ်တီတာချုပ်က ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းမှာ သတင်းထောက် ၈ဦးအဖမ်းခံရပြီး အရင်ကဖမ်းဆီးခံရသူ ၆ဦးကတော့ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

သတင်း- နော်အယ်နီး
ပုံ- Dawei Watch
Phar Si Than (People’s RadioMyanmar)