
မေလ ၁၀ရက်၂၀၂၄ ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်အတွင်းရှိ ဒေါနတောင်ကိုထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဧပြီလ လ လယ်လောက်ကဒေါနတောင်ဘက်ကိုထိုးစစ်ဆင်လာတဲ့ အောင်ဇေယျစစ်ဆင်ရေးမှာပါဝင်တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့အခုလက်ရှိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသလို စစ်တပ်က ဒေါနတောင်ကို မဖြတ်ကျော်နိုင်အောင် KNLAပူးပေါင်းတပ်ဖွဲ့တွေမှ ဆက်လက်ဟန့်တားထားနိုင်နေတယ်လို့ ကျားဖြူစစ်ကြောင်းမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“တိုက်ပွဲအခြေနေကတော့သူတို့ဒေါနတောင်ကို ကျော်ဖို့ကြိုးစားနေတယ် အခုချိန်ထိတော့ မဖြတ်ကျော်နိုင်သေးဘူး ခုခံနေနိုင်တယ်ပဲပြောရမှာပေါ့ နေရာအတိအကျတော့ပြောလို့မရဘူးတစ်နေ့တစ်နေ့သူတို့ရှိတဲ့နေရာကမတူလို့ တိုက်ပွဲကတော့နေ့တိုင်းနီးပါးလို့ပဲပြောရမယ်”လို့သူကပြောပါတယ်။
ကော့ကရိတ်မြို့တွင်းမှာတော့ တိုက်ပွဲဖြစ်ပွားတာမျိုးတော့မရှိတော့ပေမဲ့ စစ်ကောင်စီတပ်ရဲ့ ခလရ (၉၇)တပ်ရင်းနဲ့ တောင်ပေါ်ကျောင်းကနေ လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါးမြို့ပြင်ဘက်ကိုပစ်ခတ်နေသလို ဒရုန်းပျံသန်းတာမျိုးတွေလည်း ရှိနေတယ်လို့ ကော့ကရိတ်မြို့ခံအမျိုးသမီး တစ်ဦးကဆိုပါတယ်။
“တိုက်ပွဲတွေဘာတွေတော့မဖြစ်ဘူး အပေါ်ကနေတော့ကင်းဒရုန်းလှည့်တယ်၊၉၇ကနေအပြင် ပစ်ထုတ်တယ်၊ တောင်ပေါ်ကျောင်းကနေပစ်ထုတ်တယ်မြို့ရှင်းတာတဲ့ တစ်နေ့ကိုကင်းထောက်ဒရုန်းကတော့ တစ်ကြိမ်လောက် လှည့်တယ်”ဆိုပါတယ်။
မေလ၃ရက်နေ့တုန်းကလည်း ဒေါနတောင်ကို ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင်၁၂ဦးသေဆုံးခဲ့ပါသေးတယ်။
ကော့ကရိတ်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ၁ရက်နေ့ကတည်းကတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကာလအတွင်းကော့ကရိတ်မြို့က နေအိမ်၆၀၀ကျော်မီးလောင်ပျက်စီးခဲ့ကာ ဒေသခံအယောက်၃၀ခန့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-ကျားဖြူစစ်ကြောင်း
Phar Si Than (People’s Radio Myanmar)