စစ်ရေးအခြေအနေတင်းမာနေတဲ့ ပုလောမြို့နယ်မှာ အရေးပေါ်စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရ

စက်တင်ဘာလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်

တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်မှာ နှစ်ဖက်စစ်ရေးအခြေအနေ တင်းမားနေတာကြောင့် အရေးပေါ်စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူထောင်နဲ့ချီ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသတော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့က ပုလောဘက်ကနေ စစ်သား အင်အား ၁၀၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့အချိန်ကစပြီး ဒေသတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတာတွေ ဆက်တိုက် ဖြစ်ပွားခဲ့တာကြောင့် အခုလို နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ နေ့ကစပြီး လက္ကူးရွာရှိ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ ဒေသခံ ၂၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတာ၊ ပြင်ဖြူးရွာက အရပ်သား ၄ ဦးကို အကြောင်းမဲ့ ပစ်သတ်တာတွေအပြင် လက္ကူးရွာ၊ မြဒေါင်ရွာ၊ ပြင်းဖြူရွာက နေအိမ် ၃၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းထိုးလာရင် စစ်သားတွေက ပြည်သူတွေကို ဖမ်းမယ်၊ အကြောင်းမဲ့ သတ်ပစ်မယ်၊ အဲ့လိုတွေဘဲလုပ်နေတော့ ဘယ်သူမှ ရွာထဲမနေရဲဘူးလေ၊ ဟိုနေ့ကလည်း စစ်ရှောင်နေတဲ့ သူတွေကိုဖမ်းပြီး လူသားဒိုင်းလုပ်တော့ ကျနော်တို့လည်း တိုက်ပွဲကို တော်တော်သတိထားရတယ်” လို့ သူကအခုလို ပြောပြပါတယ်။

စစ်ကောင်စီတပ်က အခုလို လုပ်ရပ်တွေကို လုပ်ဆောင်နေတာကြောင့် ပုလောမြို့နယ်ထဲက ရွာတွေဖြစ်တဲ့ ဇရပ်ဆိပ်၊ တပို၊ ကြဲ၊ ကျောက်ကမ်းပဲ့၊ မိန်းမရွာ၊ လက္ကူးရွာ၊ မြဒေါင်ရွာ၊ ပြင်းဖြူရွာ၊ ပိတပ်ရွာ၊ တိုရွာ စတဲ့ ရွာတွေက ဒေသခံထောင်နဲ့ချီ နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အခုလက်ရှိ စစ်ဘေးရှောင်တွေက ဘေးလွတ်ရာ တောတောင်တွေနဲ့ ဥယျာဉ်ခြံတွေအထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင်နေရတဲ့ သူတွေထဲမှာ အသက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေလည်း အများအပြားပါဝင်တယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်တွေအနေနဲ့ အခုလက်ရှိမှာ ရိက္ခာမလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူက အခုလိုပြောပြပါတယ်။

“အခု စစ်ရှောင်တွေထဲမှာ အသက်ကြီးပိုင်းတွေနဲ့ ကလေးတွေအများကြီးပါလာတယ်။ နေမကောင်းတဲ့ သူတွေလည်းရှိတယ်။ ရိက္ခာသယ်ခွင့်ကလည်း ကန့်သတ်ထားတာရယ်၊ စစ်ရေးတင်းမာနေတာရယ် ဆိုတော့ ရိက္ခာကလည်း အလုံအလောက်မရှိဘူး” လို့ သူကဆိုပါတယ်။

အလားတူ မိုးတွင်းရာသီဖြစ်တာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ ရာသီတုပ်ကွေးတွေနဲ့ သောက်သုံးရေ မသန့်ရှင်းမှုတွေကြောင့် ငှက်ဖျားရောဂါကို အဓိကခံစားနေကြရပြီး ဆေးကုသဖို့အတွက် ဆေးဝါး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေဆီကနေ သိရပါတယ်။

စစ်ရှောင်အရေးကူညီပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ပုလောမှာက မိုးရာသီဆို မိုးက အရမ်းရွာတယ်။ ငှက်ဖျားကို အများစုဖြစ်ကြတယ်။ တချို့တလေက ဝမ်းလျှောတာတွေဖြစ်တယ်။ ရေမသန့်လို့လေ။ အခုဆို မျက်စိနာတဲ့သူကလည်း အရမ်းပေါနေတယ်” လို့ သူကအခုလို ပြောပါတယ်။

အခုလက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား နှစ်ဖက် စစ်ရေးအခြေအနေတင်းမာနေပြီး စက်တင်ဘာလ ၂၅ ရက်နေ့မှာလည်း လက္ကူးရွာက နေအိမ်တချို့ မီးရှို့ခံရတယ်လို့သိရပေမယ့် ကျမတို့ People’s Radio Myanmar အနေနဲ့သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

တနင်္သာရီတိုင်းရှိ ပုလောမြို့နယ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လက စစ်ဘေးရှောင်ဦးရေ တစ်သောင်း ဝန်းကျင်ရှိပြီး တိုက်ပွဲအဖြစ်အများဆုံးနဲ့ စစ်ဘေးရှောင်ဦးရေအများဆုံး မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနစ်ကတည်းက ဆန်၊ ဓာတ်ဆီနဲ့ အခြေခံ စားသောက်ကုန်သယ်ယူခွင့်ကို ပိတ်ပင်ခံထားရတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)