
ဒီဇင်ဘာလ ၁၄ရက်နေ့၊ ၂၀၂၃ခုနစ်
မြိတ်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက်က တနင်္သာရီတိုင်း စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဟောင်းနေအိမ်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ မြိတ်မြို့ရှိ ဒေသခံတွေဆီကနေသိရပါတယ်။
ဒီဇင်ဘာလ ၁၂ရက်နေ့၊ ည၇နာရီလောက်က မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ တက္ကသိုလ်ရပ်ကွက်၊ မြရိပ်ညို ၁၁လမ်းမှာရှိတဲ့ ဝန်ကြီးဟောင်း ဦးသိန်းလွင်ရဲ့နေအိမ်မှာ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ မြိတ်မြို့ရှိ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
“ ဗုံးပေါက်မှုဖြစ်တာက တော်တော်လေးပြင်းတယ်။ သူ့အိမ်ရဲ့ သံတံခါးတောင်ပြိုသွားတယ်။ အုတ်နံရံတွေရော၊ အိမ်မှာရှိတဲ့မှန်တွေပါ ကြေမွသွားတယ်။ သူ့အိမ်မှာတပ်ထားတဲ့ CCTVတွေပါ အကုန်ကွဲသွားတာ” လို့သူကအခုလိုပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာတော့ ဦးသိန်းလွင်ကနေအိမ်မှာမရှိတာကြောင့် တစ်စုံတစ်ရာထိခိုက်တာမျိုးမရှိဘူးလို့ သိရပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြိတ်မြို့ဒေသခံတစ်ဦးက “ အဲ့ဒီပျူစောထီးခေါင်းဆောင်က ဗုံးပေါက်ကွဲမှုမဖြစ်ခင် ၆နာခွဲလောက်မှာ အပြင်ကိုသူ့မိသားစုဝင်တွေနဲ့အတူထွက်သွားတယ်။ ပေါက်ကွဲပြီးတဲ့အချိန်မှာတော့ လူနာတင်ယာဉ်တွေအများကြီး ရောက်လာတယ်။ကျနော်သိသလောက် လူထိတာမရှိဘူး။ ပေါက်ကွဲမှုဖြစ်ပြီးမှ သူတို့ရောက်လာတာ” လို့သူကပြောပြပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားပြီးတဲ့အချိန်မှာတော့ စစ်ကောင်စီတပ်သားတွေရောက်ရှိလာပြီး တက္ကသိုလ်ရပ်ကွက်မှာရှိတဲ့ နေအိမ်တွေကို ဧည့်စာရင်းလိုက်လံစစ်ဆေးခဲ့သလို အိမ်ရှင်တွေကိုလည်း ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သတ်ပြီး မေးမြန်းခဲ့တယ်လို့ မြိတ်မြို့ရှိ ဒေသခံအမျိုးသားက ဆက်ပြောပါတယ်။
“ဗုံးပေါက်ပြီးမှာတော့ ရဲတွေ၊ စစ်သားတွေရောက်လာပြီး ပတ်ဝန်းကျင်ကအိမ်တွေကို စစ်ဆေးတယ်။ စစ်ကားတွေကလည်း ဟိုဘက်လမ်းတစ်စီး၊ ဒီဘက်လမ်းတစ်စီး နေရာယူထားတယ်။ လာစစ်တဲ့သူတွေကလည်း အိမ်ရှင်တွေကို ဘာလို့မသိတာလဲ။ PDFကိုအားပေးတာလား ဆိုပြီးပြောတယ်” လို့သူကပြောပါတယ်။
အဲ့ဒီနောက်မှာတော့ စစ်ကောင်စီတပ်သားတွေက ရပ်ကွက်တွေကို ဝင်ရောက်ရှာဖွေပြီး လူငယ်အချို့ကိုလည်း ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ သိရပေမယ့် ဖမ်းဆီးခံရသူအရေအတွက်ကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။
ဒီဇင်ဘာလ ၁၃ရက်နေ့ညအထိ စစ်ကောင်စီတပ်သား၊ ပျူစောထီးနဲ့ ရဲတွေက မြိတ်မြို့ရဲ့ အဓိကလမ်းနေရာတွေကို ဆက်တိုက်ကင်းလှည့်နေပြီး နေအိမ်ပတ်ဝန်းကျင်ကိုလည်း အရင်ကထက်လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ-CJ
Phar Si Than (People’s Radio Myanmar)