
ဒီဇင်ဘာလ ၆ ရက် ၂၀၂၃ခုနှစ်
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွကျေးရွာအတွင်းစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားနေသလိုကျေးရွာ အတွင်းကနေအိမ်တွေလည်း ဆက်လက်မီးလောင်နေတယ်လို့ ဒေသခံတွေဆီက နေသိရပါတယ်။
ဒီနေ့ဒီဇင်ဘာလ ၆ရက်နေ့ မနက်ပိုင်းအချိန်မှာ စစ်ကောင်စီတပ်ရဲ့ တောင်ကလေးရဲစ ခန်းကနေချောင်းနှစ်ခွကျေးရွာအတွင်းကိုလက်နက်ကြီးနဲ့ပစ်ခတ်နေသလို နှစ်ဖက်ထိ တွေ့တိုက်ပွဲတွေလည်းဖြစ်ပွားနေပြီး နေအိမ်တွေလည်းဆက်လက်မီးလောင်နေ တယ်လို့ ချောင်းနှစ်ခွကျေးရွာသားတစ်ဦးကပြောပါတယ်။
“ရွာထဲကတော့ တိုက်ပွဲဖြစ်နေတုန်းပဲမီးလောင်တဲ့အိမ်ကလောင်ပေါ့ တောင်ကလေးကနေ ချောင်းနှစ်ခွကို လက်နက်ကြီးနဲ့ပစ်နေတာလေအရင်ကလောင်ထားတာကခန့်မှန်း ၃၀ ကျော်လောက်ရှိတယ် အခုထပ်လောင်ထားတာကတော့အတိအကျမသိရသေးဘူး ရွာထဲမှာရွာသားတွေလည်းမကျန်လို့လေ”လို့သူကပြောပါတယ်။
ဒီဇင်ဘာလ ၅ရက်နေ့ ည၉နာရီဝန်းကျင်အချိန်တုန်းကလည်းအဘစ်အမြှောက်တပ်ကနေ တောင်ကလေးနဲ့အနီးအနားကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းလက်နက်ကြီးကျရောက်တာတွေရှိပေမဲ့ လူထိခိုက်တာတွေမရှိဘူးလို့ တောင်ကလေးကျေရွာသူတစ်ဦးကပြောပါတယ်။
“ညကအဘစ်ကနေလှမ်းထုတာရွာထဲ၃လုံးကျတယ် အထိခိုက်တော့မရှိဘူး ကျတာကရွာ ထဲလည်းကျတယ် ဘေးရွာတွေလည်း ကျတယ်ဒီမနက်လည်းပစ်ခတ်သံတွေ ကြားသေးတယ်ပစ်ထုတ်တဲ့အသံနဲ့တူတယ်”လို့သူကပြောပါတယ်။
နောက်ထပ်ကျေးရွာသားတစ်ဦးကလည်း “ညကပစ်တာတောင်ကလေးနားကိုအကုန်ကျ တယ် ၄လုံးလောက်ကျတယ် သူငယ်ချင်းတွေနေတဲ့နားမှာပဲကျတယ် တော်သေးလို့မထိတာ တည့်ကျတာတော့မဟုတ်ဘူး တော်တော်လေးတော့နီးသွားပြီ တောင်ကလေးရွာတောင်ဘက်ခြမ်းကလူနေအိမ်နည်းပြီးတော့မြောက်ဘက်ခြမ်းကလူနေအိမ်များတယ် အခုကတောင်ဘက်ခြမ်းကျတော့လူနေအိမ်မထိဘူးပေါ့”လို့သူကပြောပါတယ်။
ဒါ့အပြင်ဒီဇင်ဘာလ ၃ရက်နေ့တုန်းကလည်းစစ်ကောင်စီတပ်ကချောင်းနှစ်ခွကျေးရွာ၊ တောင်ကလေးကျေးရွာ နဲ့ လှကဇိုင်းကျေးရွာတွေဘက်ကိုစစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ကော Mi35 ရဟတ်ယာဉ်နဲ့ပါ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံကျေးရွာသား တစ်ချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ချောင်းနှစ်ခွရဲစခန်းအနီးကနေအိမ်၂လုံးလောက် ထပ်မံမီး လောင်ခဲ့ပါသေးတယ်။
ကျိုုက်မရောမြို့နယ်အတွင်းကချောင်းနှစ်ခွကျေးရွာမှာ နိုဝင်ဘာလ ၁၀ ရက်နေ့ကနေ အခုဒီဇင်ဘာ လ ၆ရက်နေ့အထိကို စစ်ကောင်စီတပ်နဲ့KNLAပူပေါင်းတပ်ဖွဲ့တို့နှစ်ဖက်ထိတွေ့ ပစ်ခတ်တာတွေရှိပါတယ်။
စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာ၊လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့်ပေါလောကျေးရွာက ကလေး၂ဦးသေဆုံးကာ မိကသစ်ကျေးရွာကသံဃာတစ်ပါးပျံလွန်တော်မူပြီးနေအိမ်အလုံး၄၀လောက်မီးလောင်ပျက်စီးခဲ့သလို ဒေသခံ၄၀၀၀ ကျော်လောက်က လည်း စစ်ဘေးဆက်ပြီးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေ ရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-ပုံဟောင်း
Phar Si Than (People’s Radio Myanmar)