
ဒီဇင်ဘာလ ၂၃ရက်နေ့၊ ၂၀၂၃ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ရွာလုံးကျွတ်စစ်ဘေးတိမ်းရှောင်နေရတဲ့ ရငဲရွာမှာ ဆိုင်ခန်းတွေမီးလောင်ပျက်စီးခဲ့တယ်လို့ ရငဲရွာ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီဇင်ဘာလ ၂၁ရက်နေ့၊ ည ၁၁နာရီဝန်းကျင်လောက်မှာ ရငဲရွာရှိ နောက်ပိုင်းကြီးလို့ခေါ်တဲ့ နေရာမှာ မီးစတင်လောင်ကျွမ်းခဲ့တာကြောင့် ရွာအနီးနားမှာရှိနေတဲ့ ရွာသားတွေက မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ရငဲရွာမှာ နေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
“ လောင်တဲ့နေရာက ရွာလယ်ဆိုတော့ အိမ်နဲ့နီးတယ်။ အိမ်တော့မကူးဘူး။ လေကလည်း အရမ်းကြမ်းနေတာ။ အိမ်သာလောင်မယ်ဆိုရင်တော့ တရွာလုံးပြာကျနိုင်တယ်။ အမြန်ဆုံး မီးငြိမ်းသွားလို့ တော်သေးတယ်” လို့သူက အခုလိုပြောပါတယ်။
အဲ့ဒီမီးလောင်မှုကြောင့် ရငဲရွာရှိ လက်လုပ်မုန့်ဆိုင်၊ ကွမ်းယာဆိုင်၊ မုန့်လက်သုပ်ဆိုင်နဲ့ အရက်ဆိုင် စုစုပေါင်း ဆိုင်ခန်း ၄ခု မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီမီးလောင်မှုဟာ စစ်ကောင်စီတပ်သားတွေကြောင့်မဟုတ်ဘဲ ရွာထဲမှာရှိတဲ့ မူးယစ်ဆေးဝါးသမားတွေကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။
ရငဲရွာက အမျိုးသမီးတစ်ဦးက “ မီးခိုးလုံးတွေမြင်တာနဲ့ ရွာနားကပ်လျက်နေနေတဲ့ လူတွေက ချက်ချင်းသွားပြီး မြန်မြန်မီးငြိမ်းနိုင်လို့ တော်သေးတယ်။ လာရှို့တာက စစ်သားတွေတော့ မဖြစ်နိုင်ဘူး။ ဆိုင်ကယ်နဲ့ လူနှစ်ယောက်။ ရွာက မူးရူးဆေးကြောင်နေတဲ့ လူတွေပေါ့။ စစ်သားတွေဖျက်ဆီးတာက တစ်မျိုး၊ သူတို့က တစ်မျိုး ရွာထဲ ဘာမှမကျန်တော့ဘူး” လို့ သူကပြောပြပါတယ်။
ရငဲရွာရှိ မြွေတောင်ပေါ်မှာ စစ်ကောင်စီတပ်သားတွေက ၂၀၂၃ခုနစ် မေလကတည်းက တပ်စွဲထားတာကြောင့် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်သားတွေမရှိတဲ့ အချိန်မှာတော့ ဒေသခံတွေက နေအိမ်ပြန်ကာ လိုအပ်တဲ့ ပစ္စည်းတွေယူတာနဲ့ သန့်ရှင်းလုပ်တာတွေကို လုပ်ဆောင်ဖို့အတွက် ဝင်ရောက်နေထိုင်လေ့ရှိတယ်လို့ သိရပါတယ်။
ရငဲရွာမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်သားတွေက ရွာထဲရှိနေအိမ်တွေကို မကြာခဏ မီးရှို့ဖျက်ဆီးလေ့ရှိတာကြောင့် နေအိမ် ၁၀လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အခုလက်ရှိမှာတော့ မြွေတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက သရက်ချောင်းမြို့နယ်ရှိ ဝဲရစ်ကျေးရွာဘက်ကို ရောက်ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
သတင်း-နော်အယ်နီး
ပုံ-CJ
Phar Si Than (People’s Radio Myanmar)