
ဒီဇင်ဘာလ ၆ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ပြင်ကြီးရွာက အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားပြီး ၅ရက်လောက်ကြာမှ အလောင်းကို ပြန်တွေ့ခဲ့တယ်လို့ ပြင်ကြီးရွာဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ရက်နေ့ ညအချိန်လောက်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူ၇ယောက်က သူ့ရဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ပြင်ကြီးရွာရှိ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
“ သူတို့အိမ်ထဲကို စပြီးဝင်လာကတည်းက ဒလန်ဒလန်ဆိုပြီး အော်ပြီးဝင်လာတယ်။ အကုန်လုံးမျက်နှာပိတ်ထားတယ်။ သေနတ်တွေလည်းပါလာတယ်။ မေးစရာရှိတာ မေးပြီး ၃၊၄ရက်လောက်နေရင်ပြန်လွှတ်ပေးမယ်ဆိုပြီးပြောတယ်” လို့ သူကအခုလိုပြောပါတယ်။
အဲ့ဒီနောက် ၃ရက်လောက်မှာ အဆိုပါအမျိုးသားကို ပြန်လည်လွှတ်ပေးလိုက်ပြီလို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း ဒီဇင်ဘာလ၅ရက်နေ့မှာတော့ ကျောက်ဆင်ကျေးရွာရှိ သင်္ချိုင်းမှာ အလောင်းကို ရွာသားတွေက တွေ့ရှိခဲ့တာဖြစ်တယ်လို့ ပြင်ကြီးရွာရှိ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
“ ခေါ်သွားပြီး ၃ရက်လောက်ကြာမှာတော့ ပြန်လွှတ်သွားပြီးဆိုတဲ့ ပုံစံမျိုးနဲ့ သတင်းတွေလွှင့်တယ်။ သတင်းကြားတော့ မိသားစုတွေက ရွာမှာ စောင့်နေကြတာပေါ့။ ငှက်ပစ်သမားတွေက အလောင်းတစ်လောင်းပေါ်နေတယ်ဆိုပြီး သွားကြည့်တော့ သူဖြစ်နေတယ်” လို့သူက ပြောပါတယ်။
အသတ်ခံလိုက်ရတဲ့သူက ပြင်ကြီးကျေးရွာမှာနေထိုင်တဲ့ အသက် ၅၀ ဝန်းကျင်အရွယ်ရှိ ဦးမြင့်ဦးကို မျက်နှာကို ရိုက်နှက်နှိပ်စက်ထားသလို နားထင်ကိုလည်း သေနတ်နဲ့ ပစ်သတ်ထားတဲ့ ပုံစံမျိုးတွေ့ရှိခဲ့တယ်လို့ ပြင်ကြီးရွာက ဒေသခံက ဆက်ပြောပါတယ်။
“ အလောင်းကို ပေါ်တဝက် မြုပ်တဝက် မြှုပ်ထားတယ်။ သူဖြစ်မယ်ဆိုပြီး မိသားစုတွေသွားကြည့်တော့ ပုပ်ပွနေပြီ။ အဲ့တာနဲ့ ရွာကမိသားစုက ဘုန်းကြီးပင့်ပြီး တစ်ခါတည်းသင်္ဂြိုလ်လိုက်တယ်” လို့သူကဆိုပါတယ်။
အသတ်ခံလိုက်ရတဲ့ အမျိုသားဟာ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေသူ တစ်ဦးဖြစ်သလို လက်ကိုင်ဖုန်းတောင် အသုံးပြုတတ်သူ မဟုတ်ဘူးလို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
အခုလိုလုပ်ဆောင်ချက်ကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုကိုတော့ အတည်မပြုနိုင်သေးသလို ကျမတို့ People’s Radio Myanmar အနေနဲ့ LLPDFကို ဆက်သွယ်မေးမြန့်ခဲ့ရာ ဖြစ်စဉ်ဖြစ်တဲ့ နေ့ကတည်းက ဖော်ထုတ်ဖို့ ကြိုးစားနေတယ်လို့ LLPDFရဲ့ တာဝန်ရှိသူကဆိုပါတယ်။
လောင်းလုံမြို့နယ်မှာ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ တွေမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ဒေသခံ၇ဦးကို ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်း တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေ မထီမဲ့မြင် ပစ်ခတ်မှုတွေနဲ့ ဒေသတော်လှန်ရေးတပ်တွေရဲ့ ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပစ်သတ်တာတွေကြောင့် အပြစ်မဲ့ပြည်သူ ၁၀၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို အရပ်အဖက် အဖွဲအစည်းတွေရဲ့ ထုတ်ပြန်ထားချက်တွေ အရသိရပါတယ်။
သတင်း – နော်အယ်နီး
ပုံ – CJ
Phar Si Than (People’s Radio Myanmar)