
ဒီဇင်ဘာလ ၅ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့စျေးအဆောက်အအုံပေါ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ တပ်ဆင်ထားပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာပါ။
ဒီကနေ့ ဒီဇင်ဘာလ ၅ရက်နေ့မနက်ပိုင်းမှာတော့ ကော့ကရိတ်မြို့စျေးအဆောက်အအုံပေါ်မှာ လက်နက်ကြီးတွေတပ်ဆင်ထားသလို့ ကော့ကရိတ်တစ်မြို့လုံးကိုလည်း MPT ဖုန်းလိုင်းကလွဲပြီး ကျန်တဲ့ဖုန်းလိုင်းတွေကို ဖြတ်တောက်ထားတယ်လို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
” လက်နက်ကြီးက စျေးပေါ်မှာဆင်ထားတာ၊ ပြည်သူအိမ်တွေက နိမ့်တယ်လေ၊အိမ်ပေါ်မှာမဟုတ်ဘူး၊ စျေးပေါ်မှာ၊ အမြောက်ကားတွေလည်းရှိတယ်၊ မြို့ထဲမှာလည်း ကျန်တဲ့လိုင်းတွေအကုန်ဖြတ်ထားတယ်၊ MPT တစ်ခုဘဲရတော့တယ်၊” လို့ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကော့ကရိတ်မြို့ဒေသခံ တစ်သောင်းနီးပါးဟာ စစ်ဘေးလွတ်ရာ မြို့ရွာတွေဘက်ကို တိမ်းရှောင်ထွက်ပြေးနေရာပေမဲ့ တသ်ချို့မှာတော့ အိမ်ကိုစိတ်မချတာကြောင့်နဲ့ အသက်အရွယ်ကြီးပြီး လမ်းမလျှောက်နိုင်တော့တာကြောင့် အိမ်စောင့်ကျန်န်နေခဲ့တယ်လို့ ကော့ကရိတ်မြို့မှ ထွက်ပြေးတိမ်းရှောင်သွားသူတွေဆီက သိရပါတယ်။
” အသံကြားရင် ဗုံးကျင်းထဲဝင်တယ်၊ အသံမကြားရင်အပြင်ထွက်တယ်၊ အိမ်ကိုစိတ်မချကြတာလည်းပါတယ်၊ မြို့တော်ဦးကလူတွေက၊ သူခိုးကပ်မှာကြောက်ကြတယ်၊ ရေလယ်ကုန်းကအဖိုးဆိုရင်(၁၀၃) နှစ်ရှိပြီး၊ လမ်းလျှောက်လို့မရတော့ဘူး၊ အိမ်အထိကားလာကြိုတဲ့လူရှိမှအဆင်ပြေမှာလေ၊ အိန္ဒုမှာအိမ်ကငှားပြီးသွားပြီး၊ လမ်းမလျှောက်နိုင်လို့အဆင်မပြေဘူး၊” လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာတော့ ကော့ကရိတ်မြို့မှာ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တာတွေ အနည်းငယ်ငြိမ်သက်နေပြီး မြို့ထဲမှာကျန်ခဲ့တဲ့ လူတစ်ချို့ကို ထွက်ခွာခိုင်းထားတယ်လို့ သိရပါတယ်။
ကော့ကရိတ်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၄ ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူအယောက် (၂၀) ကျော်ထိခိုက်သေဆုံးခဲ့သလို နေအိမ်အများအပြားလည်း ပျက်စီးခဲ့တဲ့အပြင် လက်ရှိအချိန်ထိလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-ပုံဟောင်း
Phar Si Than (People’s Radio Myanmar)