မြိတ်ခရိုင်မှာ စစ်ကောင်စီတပ်သားတွေ တရက်တည်းမှာဘဲ နှစ်ကြိမ်တိတိခိုက်ခံရ

ဒီဇင်ဘာလ ၄ရက်နေ့၊ ၂၀၂၃ခုနစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်နဲ့ မြိတ်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းနဲ့ စစ်တပ်ကားတွေကို တရက်တည်းမှာပဲ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ(၁)ရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။

ဒီဇင်ဘာလ ၂ရက်နေ့၊ မနက် ၅နာရီ မိနစ်၃၀လောက်မှာ မြိတ်မြို့ဘက်ကနေ တနင်္သာရီမြို့နယ်ရှိ ကမလိုင်းရွာအခြေစိုက် ခမရ (၅၅၈) တပ်ရင်းကို လက်နက်ပို့ဖို့လာတဲ့ စစ်ကောင်စီတပ်ကားကို တနင်္သာရီမြို့နယ်ရှိ ညောင်ပင်ကွင်းရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ(၁)ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“ကားက ၃စီးလာတာပါ။ အဲ့ဒီမှာမှ လက်နက်ခဲယမ်းတင်လာတဲ့ ကားကိုဘဲ့ မိုင်းဆွဲတာပါ။ ထိခိုက်မှုကြီးကြီးမားမားတော့ ရှိမှာ မဟုတ်ဘူး” လို့ သူကအခုလိုပြောပါတယ်။

အလားတူ ဒီဇင်ဘာလ ၂ရက်နေ့၊ နေ့လည် ၂နာရီလောက်မှာ မြိတ်မြို့နယ်၊ တုံးဗျောကြီးရွာမှာရှိတဲ့ အင်အား ၁၀ဝန်းကျင်လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို သွားရောက်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀လောက် ဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ(၁)ရဲ့ တာဝန်ရှိသူက ပြောပြပါတယ်။

“ တပ်စွဲထားတာတော့ ကြာပြီ။ အင်အားကတော့ တိတိကျကျမသိရဘူး။ သူတို့ဘက်ကတော့လက်နက်ငယ်ရော လက်နက်ကြီးတွေပါ ပစ်တယ်” လို့သူကဆက်ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၃ဦး နေရာမှာတင်ပွဲချင်းပြီး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်ကလည်း ၃ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်နေတဲ့အချိန်အတွင်း စစ်ကောင်စီတပ်ရဲ့ တုံးဗျောကြီးရွာစခန်းက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် မြိတ်မြို့နယ်ရှိ ကင်းတပ်ရွာက နေအိမ်တစ်လုံး လက်နက်ကြီးကျည်ထိမှန်ပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ(၁)၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ SWDF နဲ့ မြိတ်မြို့နယ် (ပကဖ) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ ၂ကြိမ်နဲ့ အထက်မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်တွေတပ်သား ၂၀ဦးထက်မနည်း ထိခိုက်သေဆုံးတာတွေရှိနေပြီး စစ်ကောင်စီတပ်တွေရဲ့ ကားတစ်စီးလည်း ပျက်စီးခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

သတင်း- နော်အယ်နီး
ပုံ- CJ
People’s Radio Myanmar (Hpar Si Than)