စစ်ကောင်စီတပ်ကတောင်ကလေးကျေးရွာအပါအဝင်အနီးအနားကျေးရွာကနေအိမ်တွေကိုဖောက်ထွင်းကာ တန်ဖိုးကြီးပစ္စည်းတွေယူဆောင်နေ

ဇန်နဝါရီလ ၉ရက်၊၂၀၂၄ခုနှစ်

 

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊တောင်ကလေးကျေးရွာအပါအဝင် အနီးကျေးရွာကဒေသခံ နေအိမ်တွေကိုစစ်ကောင်စီတပ်သားတွေကဖောက်ထွင်းကာတန်ဖိုးကြီးပစ္စည်းတွေလည်းကိုယူဆောင်နေကြတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၀ရက်နေ့ကနေစပြီး တောင်ကလေးကျေးရွာတစ်ဝိုက်နဲ့ ချောင်းနှစ်ခွ ကျေးရွာဘက်တွေမှာ စစ်တပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်လကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အခုလက်ရှိအချိန်မှာတော့တောင်ကလေးကျေးရွာမှာစစ်သားတွေအထိုင်ချထားတာလည်းဖြစ်ပါတယ်။

အခုလက်ရှိအချိန်မှာတော့ တောင်ကလေးကျေးရွာအရှေ့ပိုင်းမှာ အထိုင်ချထားတဲ့ စစ်သားတွေဟာ တောင်ကလေးကျေးရွာအရှေ့ပိုင်းအပါအဝင်ကျောက်ကွဲ၊မယ်တရို၊ဖက်တေးကုန်းကျေးရွာကဒေသပြည်သူတွေရဲ့တန်ဖိုးကြီးပစ္စည်းတွေဖြစ်တဲ့ဆိုင်ကယ်၊ TV၊ ရေခဲသေတ္တာ၊ စက်ပစ္စည်းတွေနဲ့ အခြားအိမ်အသုံးအဆောင်ပစ္စည်းတွေပါယူဆောင်သွားတယ်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူအမျိုးသမီးတစ်ဦးကပြောပါတယ်။

“တောင်ကလေးအရှေ့စုဖောက်ခံထိတယ် ချောင်းနှစ်ခွ၊မယ်တရို၊ဖက်တေးကုန်းကပေါ့ စက်ပစ္စည်းတွေ၊ရေခဲသေတ္တာ၊မှန်တင်ခုံ၊ဗီရို၊အိုးခွက်ပန်းကန်တစ်ချို့ဆိုအဝတ်စားအသစ်တွေပါယူတယ် TV၊ဆိုင်ကယ်၊ကုန်စုံဆိုင်ဆိုအကုန်မတယ်အစ်မတို့အစ်ကိုရဲ့ ဆိုင်ကယ်ပြင်ဆိုင် ဆိုတစ်ဆိုင်လုံးလုံးကုန်ဆိုင်ကယ်၃စီး၊စက်ပစ္စည်းအစုံပေါ့”လို့သူကပြောပါတယ်။

ဒါ့အပြင် စစ်သားတွေနဲ့ စစ်တပ်လက်အောက်ခံ BGFတပ်ဖွဲ့ဝင်တွေဟာကျေးရွာကျေးရွာတွေ အတွင်းကဒေသခံပြည်သူတွေရဲ့နေအိမ်တွေပေါ်မှာဝင်ရောက်နေထိုင်နေကြတာကြောင့် ကျေးရွာဒေသခံတွေမှာ ရွာအတွင်းပြန်လည်နေထိုင်လို့မရသလို ရွာအတွင်းမှာရှိတဲ့ ရေစည်တွေကအစစစ်သားတွေကယူဆောင်နေကြတယ်လို့ တောင်ကလေးကျေးရွာက ဒေသခံတွေကဆိုပါတယ်။

“အရှေ့ပိုင်းကလူတွေပြောနေကြတယ်ဘာပစ္စည်းမှမကျန်တော့ဘူးလို့ အိမ်သုံးပစ္စည်း ၊ရေခဲသေတ္တာတွေ၊အဝတ်အစား၊စောင်တွေ၊ဖျာတွေ၊အသုံးအဆောင်တွေရေစင်ကရေစည်တွေပါပါတယ်တန်ဖိုးရှိတာအကုန်းယူတာပဲ ဆိုင်ကယ်တော့ပါတာများတယ် ၁၇စီးလို့ကြားတယ် စစ်သားတွေကတောင်ကလေးမှာရှိနေတယ် ညဘက်ဆိုကင်းလှည့်တယ် ရွာတွေကို”လို့အမျိုးသမီးတစ်ဦးကပြောပါတယ်။

လှကဇိုင်းကျေးရွာကဒေသခံတစ်ဦးကလည်း “ ရွာထဲပေးမဝင်ဘူးခုချိန်ထိပဲ  အစ်မတို့ရွာသားဆို စပါးဝင်ရိတ်ချင်နေကြတာပေးမဝင်ဘူး ပြီးတော့အိမ်တွေမှာတက်နေနေတယ် ဗမာစစ်သားနဲ့BGFတွေ မယ်တရိုတို့ကျောက်ကွဲတို့ ဘက်ကအသိတွေဆိုလည်းရှောင်နေကြတုန်းပဲ”လို့ဆိုပါတယ်။

နေအိမ်၁၀၀၀ဝန်းကျင်ရှိတဲ့ချောင်းနှစ်ခွကျေးရွာမှာလည်းနေအိမ်တော်တော်များများဖောက်ထွင်းခံထားရသလိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် တစ်ချို့မှာလည်းမီးလောင်ပျက်စီးနေပြီးအခုလက်ရှိအချိန်မှာချောင်းနှစ်ခွစခန်းကစစ်သားတွေဟာလက်နက်ကြီးတွေနဲ့စခန်းအပြင်ဘက်ကိုရမ်းသမ်းပစ်တာတွေလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ချောင်းနှစ်ခွကျေးရွာနဲ့တောင်ကလေးကျေးရွာကြားကတစ်လကျော်ကြာတိုက်ပွဲအတွင်းစစ်တပ်ကလက်နက်ကြီးပစ်တာလေယာဉ်နဲ့ဗုံးကြဲတာတွေကြောင့်ဒေသခံတစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေကြရသလိုတောင်ကလေးကျေးရွာအမျိုးသား၂ဦးကိုလည်းအကြောင်းမဲ့ပစ်သတ်ခဲ့ပြီး ချောင်းနှစ်ခွကျေးရွာအတွင်းကနေအိမ်အလုံး၅၀ကျော်လောက်မီးလောင်ပျက်စီးထားတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than(People’s Radio Myanmar)