ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက်ထိုးစစ်ဆင်နေတာကြောင့် ဒေသခံပြည်သူထိခိုက်တာတွေ ပိုများလာ

ဒီဇင်ဘာလ ၂ရက်၊ ၂၀၂၃ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ထိုးစစ်ဆင်တာတွေ ဒေသခံပြည်သူထိခိုက်တာတွေ ပိုမိုများပြားလာတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ မနက် ၅ နာရီအချိန်လောက်ပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေတာပါ။

ဒီကနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အနီးတစ်ဝိုက် ကျေးရွာတွေဖြစ်တဲ့ ကော့နွဲ့၊ကမိုင်ကုန်း၊ ကောင်းမှု၊ တတန်ကူး၊ အံဖကြီးနဲ့ အံဖလေးကျေးရွာတွေဘက် ကို လေကြောင်းကနေ လက်နက်ကြီးတွေနဲ့ (၅) လုံးကို တစ်ကြိမ်ပစ်ပြီး တိုက်ခိုက်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“ဟုတ်တယ်၊ လေယာဥ်နဲ့တောက်လျှောက်ကြဲနေတာ၊ ခါတိုင်းနေ့ဆိုရင် ပစ်ရင်လေ တစ်လုံး၊နှစ်လုံးဘဲ၊ ဒီမနက်ဆိုရင်လေ တစ်ခါပစ်ရင် (၅)လုံး၊ အဲ့လိုမျိုးပေါ့နော်၊သူတို့ (၅) လုံးကို (၃) ခေါက်လောက်ကြဲတယ် ပြီးရင် သူတို့ပြန်ဆင်းသွားတယ်၊ ဆင်းသွားပြီးရင် နာရီဝက်၊ ၁ နာရီ လောက်ကြာရင် ပြန်တက်လာပြန်ပြီး တစ်စီး၊ တက်လာပြီးရင် သူတို့ပစ်ပြန်၊” လို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်တာတွေ လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် ကျေးရွာတွေဘက်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိနေသလို ကော့ကရိတ်မြို့ ဝင်းကြီးရပ်ကွက်ထဲမှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ပြည်သူ (၃) ဦးသေဆုံးကာ (၁) ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဝင်းကြီးရပ်ကွက်မှာ နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

” ထွက်လို့မရဘူး၊ လေယာဥ်နဲ့ ပတ်ပစ်နေတုန်း၊ အိမ်မှာနေလို့မရတော့လို့ အမအိမ်ကို ရွှေ့ထားရတယ်၊ လက်နက်ကြီးအိမ်နားကျလို့ အစစင်လို့ အိမ်ထားပြေးရတယ်၊ လေယာဥ်နှစ်စီးနဲ့ပတ်ပစ်နေတာ၊ လူထိတာတွေရှိတယ်၊ ဝင်းကြီးထဲမှာဘဲ၊ လောလောဆယ် (၃) ယောက်သေတယ်၊ (၁)ယောက်ထိထားတယ်၊ တိတိကျကျမသိရသေးဘူး၊” လို့ ဝင်းကြီးရပ်ကွက်မှာ နေထိုင်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် ကော့ကရိတ်မြို့ထဲမှာ ပိတ်မိနေသူတွေရှိနေသလို ဒေသခံပြည်သူတစ်ချို့ကလည်း ပြေးစရာနေရာမရှိတာကြောင့် ကျင်းဗုံးထဲတွေမှာဘဲ နေနေကြရတယ်လို့ ကော့ကရိတ်မြို့ကနေ ပြောင်းရွှေ့သွားသူအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

” ကော့ကရိတ်မြို့မှာကျတော့လေ၊ ဒီနေ့လည်း ထွက်တဲ့လူတွေရှိတယ်၊ တိုက်ပွဲမဖြစ်ခင်ကထွက်တဲ့လူလည်းရှိတယ်၊အိမ်လုံးကျွတ်ပေါ့နော် ပြောင်းတဲ့လူလည်းရှိတယ်၊ တစ်ချို့တွေကလေ မပြည့်မစုံဆိုတော့ ဘယ်မှာသွားနေကြမလဲ၊ဆွေမရှိ မျိုးမရှိတွေဆိုတော့၊ အိမ်မှာဘဲ ကြိတ်မှိတ်ပြီးနေတဲ့လူတွေရှိတာပေါ့၊” လို့ ကော့ကရိတ်မြို့မှ ပြောင်းရွှေ့သွားသူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာလည်း ကော့ကရိတ်မြို့နေရာအနှံ့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ကော့ကရိတ်မြို့အနီးတစ်ဝိုက်ကျေးရွာတွေနဲ့ တောနော်ရေတံခွန်ဘက်တွေကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေကို ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောစကားတွေအရ သိရပါတယ်။

 

သတင်း – ကိုဖြိုး

ဓာတ်ပုံ – Cj

Phar Si Than (People’s Radio Myanmar)