စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဝင်းကြီးရပ်ကွက်အနီးနား လက်နက်ကြီး ကျရောက်ပေါက်ကွဲ

နိုဝင်ဘာလ ၂၉ရက်၊ ၂၀၂၃ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့ထဲမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေသလို စစ်ကောင်စီတပ်လက်အောက်ခံ ခမရ (၉၇) နဲ့ လှိုင်ဝအမြောင်ကုန်းကနေ လက်နက်ကြီးနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်နေတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ညနေ ၅နာရီကျော်လောက်ကလည်း စစ်ကောင်စီတပ်လက်အောက်ခံ ခမရ (၉၇) ကနေလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သလို လက်နက်ငယ်တွေနဲ့လည်း ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဝင်းကြီးရပ်ကွက်အနီးတစ်ဝိုက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲ ခဲ့ပြီး လူထိခိုက်တာတွေမရှိဘူးလို့ ဝင်းကြီးရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

” ညကလက်နက်ကြီးနဲ့ ပစ်တာ၊ ၇ နာရီတောင်မထိုးသေးဘူး၊ လက်နက်ကြီးကော၊ လက်နက်သေးကော၊ ဝင်းကြီးနဲ့ မြို့သစ်ဘက်မှာ ၊ ဝင်းကြီးနားမှာ တစ်လုံးကျတယ်၊ အိမ်တွေကိုတောင် ခဲတွေစင်တယ်၊တိုက်ပွဲ မဖြစ်ဘူး၊ ” လို့ ဝင်းကြီးရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

လက်ရှိအချိန် ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေတာကြောင့် ဒေသခံ (၇၀) ရာခိုင်နှုန်းကျော်ဟာ ကော့ကရိတ်မြို့တွင်းမနေထိုင်ရဲ ကြတော့ဘဲ ဘေးလွတ်ရာ မြဝတီမြို့နဲ့ ဘားအံမြို့တွေဘက်ကို ပြောင်းရွှေ့နေထိုင်နေကြတယ်လို့ ကော့ကရိတ်မြို့ကနေပြောင်းရွှေ့သွားတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

” အမေတို့ကကြောက်နေကြတယ်၊ ညီမတို့ဆို ဘားအံဘက်ကိုပြောင်းကြပြီး ၊ ကော့ကရိတ်မှာမနေရဲကြတော့ဘူး၊ အခုဘားအံမှာ အိမ်ငှားနေကြရတယ်၊ ကော့ကရိတ်မှာ တိုက်ပွဲ ဖြစ်မယ်ဆိုပြီးသတင်းတွေထွက်နေတော့ အလုပ်လည်း လုပ်လို့မရတော့ဘူးလေ၊ အဲ့ဒါနဲ့ပြေးကြတာ၊” လို့ ဘားအံမြို့မှာ ပြောင်းရွှေ့နေထိုင်နေသူတစ်ဦးက ပြောပါတယ်။

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က အနီးတစ်ဝိုက်ကျေးရွာတွေဖြစ်တဲ့ ချောင်းတောင်၊ ကမိုင်ကုန်း၊ ကော့နွဲ့၊ အံဖကြီး၊အံဖလေးနဲ့ ကြောင်သျှာကုန်းကျေးရွာဘက်တွေကို လက်နက်ကြီးတွေနဲ့ ညတိုင်းနီးပါး ပစ်ခတ်နေတယလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ် လက်အောက်ခံ လှိုင်ဝအမြောက်ကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အံဖလေးကျေးရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲ ခဲ့ပြီး ကိုရင် (၂) ပါးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-ပုံဟောင်း

Phar Si Than (People’s Radio Myanmar)