တိုတောင်ပေါ်မှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံး

[videopress pjSBkQQJ]

နိုဝင်ဘာလ ၂၉ရက်နေ့၊ ၂၀၂၃ခုနစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်ရှိ တိုတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)ရဲ့ ပြန်ကြားရေးတာဝန်ခံဆီကနေသိရပါတယ်။

နိုဝင်ဘာလ ၂၇ရက်နေ့၊ မနက် ၁၁နာရီခွဲလောက်မှာ သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး နေ့လည်၁နာရီလောက်ထိ အပြန်အလှန်ပစ်ခတ်မှု ၂နာရီကြာဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

“ ကျနော်တို့က တိုက်ပွဲသွားဖော်ဆောင်တာမဟုတ်ဘူး။ သွားကဲစမ်းတာ။ ကင်းထောက်ဒရုန်းသွားစမ်းတာ။ မထင်မှတ်ဘဲနဲ့ ပွဲဖြစ်သွားတာပါ” လို့သူကအခုလိုပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ကင်းထောက်ဒရုန်းကို စစ်ကောင်စီတပ်သားတွေက တွေ့ရှိခဲ့တာကြောင့် စစ်သားတွေဘက်က လက်နက်ငယ်တွေနဲ့ လမ်းသွာလမ်းလာပြည်သူတွေဘက်ကို စတင်ပစ်ခတ်ခဲ့တဲ့အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ပြန်လည်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ တိုက်ပွဲအတွင်းပါဝင်တဲ့ ရဲဘော်တစ်ဦးက ပြောပြပါတယ်။

“ ဒရုန်းကို သူတို့ကမြင်သွားတော့ အရင်ပစ်တာ။ ဖြတ်သွားဖြတ်လာ ပြည်သူတွေကိုအဓိက ပစ်တယ်။ ကျနော်တို့ကတော့ တချက်မှမပစ်ဘူး။ ဒါပေမဲ့ ပြည်သူတွေကိုထိမှာစိုးလို့ သူတို့အာရုံပြောင်းသွာအောင် ကျနော်တို့ဘက်က စတင်ပစ်ခတ်တာပါ” လို့ သူကဆိုပါတယ်။

အဲ့ဒီတောင်ပေါ်မှာ စစ်ကောင်စီတပ်သားတွေက အင်အား ၁၀ဝန်းကျင်လောက်နဲ့ တပ်စွဲထားတာဖြစ်ပြီး စခန်းကိုတော့ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေ၊ သံဆူးကြိုး၊ သစ်လုံးတွေနဲ့ အခိုင်အမာ တည်ဆောက်ထားတယ်လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတစ်ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်လို့ ပြောခဲ့ပေမယ့် မြေပြင်အခြေအနေအရ အတည်ပြုလို့ မရသေးဘူးလို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး ညအချိန်လောက်မှာတော့ မြိတ်ဘက်ကနေ ပလမြို့ ဆိပ်ကမ်းဘက်ကို စစ်ကောင်စီတပ်သား အင်အား ၈၀လောက်နဲ့ ရောက်ရှိလာပြီး အခုလက်ရှိ တိုတောင်ပေါ်မှာ တပ်စွဲနေရာယူထားတယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ ညဘက်ကျမှ မြိတ်ကနေ ပလဆိပ်ကမ်းကို အင်အား ( ၈၀)လောက်နဲ့ ရောက်လာတယ်။ ဒါပေမယ့် ချက်ချင်း ကမ်းမကပ်ဘဲ မနက်ကျမှ ကမ်းကပ်ပြီး တိုတောင်ပေါ်မှာ တပ်စွဲပါတယ်” လို့သူကဆက်ပြောပြပါတယ်။

စစ်ကောင်စီတပ်တွေက တိုတောင်ပေါ်ကနေ ပုလောမြို့နယ်ရှိ ရွာတွေဘက်ကို  လက်နက်ကြီးတွေနဲ့ နိုဝင်ဘာလ ၂၈ရက်နေ့အထိ ရမ်းသမ်းပစ်ခတ်နေခဲ့တယ်လို့ ပုလောမြို့နယ်ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေက အရပ်သားပစ်မှတ်တွေကိုဘဲ့ အဓိကထားလုပ်ဆောင်ကြတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောဆိုနေကြပါတယ်။

ပုလောမြို့နယ်မှာ တိုက်ပွဲအခြေအနေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ဖြတ်သွားဖြတ်လာ ခရီးသွားပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ အနီးမှာ မနေကြဖို့နဲ့ စစ်ရေးသတိအမြဲရှိဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို သတိပေးပြောဆိုထားပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- CJ

Phar Si Than  (People’s Radio Myanmar)