DKBAတပ်ဖွဲ့က စစ်ရေးနယ်မြေစတင်ကန့်သတ် ဖလူးလေးရွာကနေကျောက်ခက်၊ ဝေါလေအထိ စစ်ရေးလှုပ်ရှားတဲ့အဖွဲ့တွေပေးမသွားတော့

 DKBAတပ်ဖွဲ့က စစ်ရေးနယ်မြေစတင်ကန့်သတ် ဖလူးလေးရွာကနေကျောက်ခက်၊ ဝေါလေအထိ စစ်ရေးလှုပ်ရှားတဲ့အဖွဲ့တွေပေးမသွားတော့


By − People’s Radio Myanmar
Date – November 26, 2025

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ DKBA ထိန်းချုပ်နယ်မြေ ဖလူးလေးကျေးရွာမှ ကျောက်ခက်၊‌ ဝေါလေအထိ နိုဝင်ဘာလ ၂၆ရက်မှ စစ်ရေးလှုပ်ရှားတဲ့ အခြားလက်နက်ကိုင်တပ်ဖွဲ့ တွေကို ဖြတ်သန်းသွားလာခွင့်မပြုတော့ကြောင်း DKBA ဗဟိုဌာနချုပ် (ဆုံဆည်မြိုင်)က ထုတ်ပြန်ထားပါတယ်။

ပြီခဲ့တဲ့ နိုဝင်ဘာ၂၁ ရက်က ဖလူး၊ မင်းလက်ပံ ကျေးရွာလမ်းပိုင်းက DKBA တပ်ဖွဲ့ ထိန်းချုပ်တဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းခြံဝင်းတစ်ခုအား KNLA မဟာမိတ်တပ်ဖွဲ့တွေ ထိန်းချုပ် စီးနင်းလိုက်ပြီးတဲ့ နောက်ပိုင်း အခုလို DKBAတပ်ဖွဲ့ဘက်က စစ်ရေးနယ်မြေကန့်သတ်ချက် ထုတ်ပြန်လိုက်တာလို့ အခြေအနေသိတဲ့ DKBA သတင်းအရင်းအမြစ်က PRMကို ပြောပါတယ်။

” DKBA ဗိုလ်သခွားသီးရုံကို ဒါဘောတို့ ကော်ပရာတွေ ဝင်စီးလိုက်ပြီး တရုတ် တွေ ထိုင်းဘက်ပြန်ပို့နေတော့ ၊ ကျောက်ခက်တို့ ဝေါလေတို့ဘက်အထိ ကျားဖျန့်တွေ ထပ်ပြီးအစီးခံရမှာကို ကြိုကာတာပေါ့၊ ပစ်မိန့်လည်းပေးထားတယ်၊ ဖလူးကနေ ဝေါလေလမ်းကို အရပ်သားပေးမသွားတော့ဘူး ပိတ်ချလိုက်ပြီ “

အခုလက်ရှိမှာတော့ DKBAတပ်ဖွဲ့ ထိန်းချုပ်နယ် မြေတွေထဲက ငွေလိမ်လုပ်ငန်းနေရာတွေကို DKBA တပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ချထားပြီး ငွေလိမ်အလုပ်သမားတွေကိုလည်း တိမ်းရှောင်ထွက်ပြေးတာမျိုး မလုပ်ကြရန်သတိပေးထားတယ်လို့သိရပါတယ်။

လက်ရှိ DKBA တပ်ဖွဲ့ကစစ်ရေးနယ်မြေဖြတ်သန်းခွင့်ကန့်သတ်လိုက်လို့ ဖလူး၊ဖလူးလေး၊ သုံထပ်ကွေ့၊ဘလယ်ဒို၊ သေ့ဘောဘိုး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဥကရိထ၊ စုကလိ့၊ ဝေါလေဒေသနေထိုင်သူများလမ်းပန်းဆက်သွယ်သွားလာလို့မရတော့ကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *