
ဒီဇင်ဘာလ ၉ရက် ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊မြဝတီကုန်သွယ်ရေးဇုန်နဲ့ သင်္ဃန်းညီနောင် အာရှလမ်းသစ်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာလ ၈ ရက် နေ့လည် ၁၂ နာရီ ၃၀ မိနစ်လောက်မှာ မဲကနယ်ကျေးရွာနားမှာရှိတဲ့ ကုန်သွယ်ရေးဇုန်အနီးတစ်ဝိုက်နဲ့ ရွှေမြစန္ဒီတိုးချဲ့ရပ်ကွက်သစ်နားမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ညနေ ၃ နာရီလောက်မှာ မြဝတီ-သင်္ဃန်းညီနောင် အာရှလမ်းမကြီး ပိတ်ထားခဲ့ရကာ လူထိခိုက်တာတွေမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
” တိုက်ပွဲက ဖြစ်တယ်၊ ကုန်သွယ်ရေးဇုန်နားမရောက်ခင် ဖားချောင်းတံတားနားမှာလည်း ဖြစ်တယ်၊ ရွှေမြစန္ဒီနားမှာလည်း ဖြစ်တယ်၊ အဲ့ဒီမှာပြီးတော့ မြဝတီကလာတဲ့ ကားတွေလာလို့မရတော့ဘူး၊ ကားလမ်းပိတ်လိုက်တယ်၊” လို့ ရွာသစ်ကျေးရွာခံတစ်ဦးက ပြောပါတယ်။
မနေ့က တိုက်ပွဲ ဖြစ်ပွားပြီးနောက် အာရှလမ်းမကြီး ပိတ်လိုက်ရပေမဲ့ ညနေ ၆ နာရီလောက်မှာ တိုက်ပွဲ ငြိမ်သက်သွားပြီး ဒီဇင်ဘာလ ၉ ရက်နေ့မနက်ပိုင်းမှာတော့ ပစ်ခတ်သံတွေမကြားရတော့သလို ကားလမ်းမှာလည်း ပုံမှန်အတိုင်း ပြန်သွားနေကြပြီးဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
သူက ” လမ်းကမနေ့ကဘဲပိတ်တာ၊ဒီနေ့ပြန်ဖွင့်ပြီး၊ ဒီမနက်တော့ ဘာသံမှမကြားရသေးဘူး၊ လမ်းမှာလည်း လူတွေက ပုံမှန်အတိုင်းသွားနေတာဘဲ၊ အာရှလမ်းမှာလည်း ပြန်သွားနေကြပြီး၊ပုံမှန်ပါဘဲ၊” လို့ ပြောပါတယ်။
လက်ရှိအချိန် မြဝတီမြို့အနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေသလို ဒီဇင်ဘာလ ၆ ရက်နဲ့ ၇ရက်နေ့ကလည်း မြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်စဥ်ရှိခဲ့ပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (Peoole’s Radio Myanmar)