
နိုဝင်ဘာလ ၇ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ခလရ (၉၇) တပ်ရင်းအနားရှိ ကာကင်းတွေ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ Kloud တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ( ၃ )ရက်နေ့နဲ့ (၄ )ရက်နေ့က ခလရ (၉၇) တပ်ရင်းနားရှိ ကာကင်းတွေကို Kloud တပ်ဖွဲ့၊ Power Of Ababil(POA)၊Angry bird drone တပ်ဖွဲ့တို့က ဒရုန်းနဲ့ (၆) ကြိမ်တိုင်ဗုံးသီးချတိုက်ခိုက်ခဲ့တာပါ။
အခုလို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံးတွေ ရှိခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရရှိတာကို အတိအကျမသိရှိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသား ဖော်ပြထားပါတယ်။
” ထိခိုက်တာတွေကတော့ လက်ရှိအချိန်မှာ စုံစမ်းဆဲပါ၊ တိုက်ခိုက်ပြီးတော့ သူတို့ဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိပါတယ်၊ ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့က ထိခိုက်တာမျိုးမရှိပါဘူး၊” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေသလို စစ်ကောင်စီတပ်ရဲ့ ခလရ (၉၇) တပ်ရင်းနဲ့ လှိုင်ဝအမြောက်ကုန်းကနေ (၈၁) မမ၊ (၆၀) မမတို့နဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေတယ်လို့ Lion Battalion Commando Specisl Forces စစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
” ကော့ကရိတ် မြို့ရဲ့ စစ်ရေးအခြေနေက တင်းမာနေစဲပါပဲ၊ ပစ်ခက်တာတွေက နေ့စဥ်ရှိနေပါတယ် ဗျ၊ စကစ က ပစ်ခက်တာတွေက နေ့စဥ်ရှိနေပါတယ်ကျွန်တော် တို့ဘက်ကလဲ ပစ်ခက်တာတွေရှိနေပါတယ်၊ စကစ ဘက်က (81) မမ (60) မမ နဲ့ နေ့တိုင်းပစ်ခက်ပါတယ်ဗျ၊” လို့ သူကပြောပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့ထဲမှာ တိုက်ပွဲတွေ ဖပ်မံဖြစ်ပွားလာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံပြည်သူတစ်ချို့ မြို့ထဲမှာမနေရဲကြတော့ဘဲ မြဝတီမြို့ဘက်နဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
” မြို့ထဲမှာတော့ ငြိမ်နေတာဘဲ၊ မနေရဲတဲ့သူပြောင်းကျတာဘဲ၊ မြဝတီဘက်ကိုပြေးတာများတယ်၊ တိုက်ပွဲတွေက ဆက်ဖြစ်မယ်ဆိုပြီးသတင်းထွက်နေတော့ မနေရဲကြတော့ဘူး၊” လို့ သူကပြောပါတယ်။
ကရင်ပြည်နယ်ထဲက မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ သံတောင်ုရားသုံးဆူနဲ့ ဖာပွန်မြို့နယ်တွေဘက်မှာ စစ်ကောင်စီယာဥ်တန်းတွေ၊ စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့ စစ်ကောင်စီတပ်စွဲထားရာနေရာတွေ မကြာခဏ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံနေရတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၄) ရက်နေ့ကလည်း ကော့ကရိတ်မြို့အနီး ဆင်ကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ တပ်မ (၄၄) လက်အောက်ထံ စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် (၆) ဦးသေဆုံးကာ (၈) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Kloud
Phar Si Than (People’s Radio Myanmar)