ကျောက္ကာရွာရှိ ငါးဖမ်းလှေသမားတွေက ထောက်ခံစာကို စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးထံ ငွေပေးဝယ်နေရ

နိုဝင်ဘာလ ၆ရက်နေ့၊ ၂၀၂၃ခုနစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်၊ ကျောက္ကာရွာက ငါးဖမ်းလှေတွေကို ငါးဖမ်းထွက်ရန်အတွက် ထောက်ခံစာကို စစ်ကောင်စီကခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးထံ ငွေပေးဝယ်နေရတယ်လို့ ကျောက္ကာရွာဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက အဆိုပါ ငါးဖမ်းလှေသမားတွေဆီကနေ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေက  ငွေကြေးကောက်ခံနေတာဖြစ်ပြီး စာရွက်စာတမ်းအပြည့်စုံပါ လှေငယ်တစ်စီးကို (၁၉၀၀၀)ကျပ်၊ လှေကြီးတစ်စီးကို သိန်းနဲ့ချီပေးရတယ်လို့ ကျေက္ကာရွာသားတစ်ဦးက ပြောပါတယ်။

“ ငါးဖမ်းလှေငယ် တစ်စီးကို ပထမတစ်ရွက်က (၁၇၀၀၀)ပေးရတယ်။ နောက်တစ်ရွက်က (၂၀၀၀)ထပ်ပေးရတယ်။ ကင်းမွန်ဖမ်းတဲ့လှေကြီးတွေဆို အသစ်လုပ်ရင် သိန်းဆယ်ကျော်ကုန်တယ်။ သက်တမ်းထပ်တိုးရင်တော့ (၅)သိန်း၊ (၆)သိန်းပေးရတယ်” လို့ သူကအခုလိုပြောပြပါတယ်။

စစ်ကောင်စီတပ်တွေက ထောက်ခံစာတစ်ရွက်ကို တစ်လသက်တမ်းရှိတယ်လို့ ပြောကြပေမယ့် တစ်လမပြည့်ခင် ငွေပြန်တောင်းတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

“ သူတို့က တလကြာရင်ပြန်လဲရမယ်လို့ ပြောတယ်။ (၁)ရက်၊ (၂)ရက်ကြာတာနဲ့ ပြန်တောင်းတယ်။ နောက်ထပ်တစ်ရွက်ပြန်လာတယ်။ အဲ့ဆို (၂)ထောင်ထပ်ပေးရတယ်” လို့ သူကအခုလိုဆိုပါတယ်။

ဒါ့အပြင် ကျောက္ကာရွာပင်လယ်ပြင်မှာ ကျောက်ချထားတဲ့ စစ်သင်္ဘောရှိ စစ်ကောင်စီတပ်သားတွေက ငါးဖမ်းလှေတွေကို ခေါ်ယူစစ်ဆေးတာနဲ့ ထောက်ခံစာမရှိဘဲ ပင်လယ်ပြင်ကို ငါးဖမ်းထွက်လာတဲ့ လှေသမားတွေကို ငွေကြေးတောင်းခံတာ၊ ငွေကြေးမပေးနိုင်ပါက  ဖမ်ဆီးအရေးယူတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကျေက္ကာရွာဒေသခံတစ်ဦးက “ လှေငယ်တွေကအစ ဂရန်လုပ်ရတယ်။ မရှိရင်သူတို့ဖမ်းတယ်။ ပြီးတော့ ပိုက်ဆံကို လိုတဲ့ပမာဏလောက်တောင်းတယ်။ ပေးမနိုင်ရင် ခေါ်ထားတယ်” လို့ သူကအခုလိုပြောပါတယ်။

စစ်ကောင်စီတပ်က အခုလိုလုပ်ဆောင်တာဟာ ကျေက္ကာရွာဒေသခံတွေက ဒေသတော်လှန်ရေးတပ်တွေကို ထောက်ပံ့ပေးနေတယ်လို့ ယူဆနေကြတာဖြစ်တယ်လို့ သိရပါတယ်။ ငါးဖမ်းလှေငယ်တစ်စီးဟာ တနေ့ကို ဒီဇယ် (၃)ဂါလံလောက်ကုန်ပြီး ဒီဇယ် (၁)ဂါလံကို (၂)သောင်းကျပ်ပေးဆောင်ရတာပြီး စစ်ကောင်စီတပ်တွေကိုလည်း ပေးဆောင်နေရတာကြောင့် ရေလုပ်ငန်းလုပ်ကိုင်သူတွေ အနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပုလောမြို့နယ်ဟာ ပင်လယ်ကမ်းရိုးတန်းဒေသတစ်ခုဖြစ်တာကြောင့် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး တစ်ခြားရွာတွေမှာတော့ အခုလို လုပ်ဆောင်တာတွေမရှိဘဲ့ ကျေက္ကာကျေးရွာအုပ်စုကိုသာ ငွေကြေးကောက်ခံတောင်းရမ်းတာတွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေ အရသိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- CJ

Phar Si Than (People’s Radio Myanmar)