
အောက်တိုဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့က စစ်ကောင်စီတပ်နဲ့ ပူးပေါင်းထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သတ်တဲ့ လင်မယားနှစ်ဦး သူတို့ရဲ့နေအိမ်အတွင်းမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ မြဝတီမြို့ ဒေသခံတွေဆီကနေသိရပါတယ်။
မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၊ ပန်းခြံ ၃ လမ်းမှာနေထိုင်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တွေနဲ့ ပတ်သတ်တဲ့ အသက် ၃၄ နှစ်အရွယ် စောသန်းထိုက်အောင်နဲ့ ဇနီးဖြစ်သူ အသက် ၂၁ အရွယ် မနှင်းနှင်းဝေတို့ အောက်တိုဘာလ ၅ ရက်နေ့ မနက် ၆ နာရီဝန်းကျင်အချိန်မှာ နေအိမ်အတွင်း သေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ အမှတ် ၄ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“မနက် ၆ နာရီလောက်မှသိကြတာ ညကတည်းက သတ်ခံထားရတယ်ထင်တယ် သွေးတွေလဲ ခြောက်နေပြီး သူတို့ကအဖွဲ့စည်းက သူတို့အိမ်က အလုံပိတ်ကြီးဆောက်ထားတာ သူတို့အိမ်နီးနားချင်း တွေတောင် အသံမကြားဘူးတဲ့” လို့ သူကပြောပါတယ်။
ဒါ့အပြင်သေနတ်နဲ့ပစ်သတ်ခံရတဲ့ လင်မယားနှစ်ဦးရဲ့နေအိမ်အတွင်းက ပိုက်ဆံတစ်ချို့၊ ရွှေတွေနဲ့ ဖုန်းသုံးလုံးကိုလည်း သေနတ်သမားတွေကယူဆောင်သွားတယ်လို့ သူကဆက်ပြောပါတယ်။
အခုလိုပစ်သတ်ခံရတာဟာ ငွေရေးကြေးရေးပြဿနာကိစ္စတွေကြောင့် မကျေနပ်ပဲ ပစ်သတ်သွားတာ ဖြစ်တယ်လို့ နောက်ထပ် မြဝတီမြို့ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။
“အခုဖြစ်တာက ငွေရေးကြေးရေးအရှုပ်ရှင်းနဲ့ မတည့်ကြတာကနေဖြစ်ကြတာ မကျေနပ် တော့ ဝင်ပစ်တာပေါ့ အခုခေတ်က လက်နက်ကိုင်ချင်တိုင်း ကိုင်ရနေတော့” လို့ သူကပြောပါတယ်။
မြဝတီမြို့အတွင်း လုယက်သတ်ဖြတ်မှုတွေ မကြာခဏဖြစ်ပေါ်နေတာကြောင့် မြဝတီမြို့ ဒေသခံတွေမှာလည်း တစ်ယောက်ထဲမသွားလာရဲတော့သလို သွားလာတဲ့အခါမှာလည်း စိုးရိမ်စိတ်တွေနဲ့ သွားလာနေရပြီး မလုံခြုံတော့ဘူးလို့ မြဝတီမြို့ဒေသခံတွေကဆိုပါတယ်။
“အခုက လူသေတာကြီးပဲဖြစ်နေတယ် Taxi သမားတွေဆိုင်ကယ်လုခံရတာနဲ့ ပစ်သတ်တာနဲ့စုံနေရောပဲ အပြင်သွားရင် ပိုက်ဆံအိတ်တောင်မလွယ်ရဲဘူး ပိုက်ဆံလေး ၃ ၄သောင်းနဲ့ သတ်ခံထိမှာဆိုးလို့ အခုက တစ်ယောက်ထဲဆိုရင် ကြောက်ရတယ်” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့ ညနေပိုင်းအချိန်တုန်းကလည်း မြဝတီမြို့ ကမ္ဗောဇဘဏ်(၁)က အကြီးတန်းမန်နေဂျာ ဦးတင်မောင်အေး ဆိုင်ကယ်မောင်းနှင်လာချိန် အမှတ် ၄ ရပ်ကွက် မေတ္တာ၂ လမ်းအရောက်မှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသား ၂ ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဦးတင်မောင်အေးမှာ ခေါင်းကျည်ထိမှန်ဒဏ်ရာရပြီး သေဆုံးခဲ့ပါသေးတယ်။
မြဝတီမြို့မှာ စက်တင်ဘာလကနေ အခု အောက်တိုဘာလ ပထမအပတ်အတွင်း ဆိုင်ကယ် ယာဉ်လိုင်းမောင်းသူတွေကနေ ဆိုင်ကယ်လုယူပြီးသတ်ဖြတ်တာ၊ နေအိမ်အတွင်း သေနတ်နဲ့ဝင်ပစ်တာ မြို့တွင်းပစ်ခတ်တာကြောင့် သေဆုံးတဲ့ဖြစ်စဉ်တွေမှာ ၆ မှုထပ်မနည်းရှိနေပြီး လူသတ်မှု ကျူးလွန်သူတွေလည်း ထွက်ပြေးလွတ်မြောက်နေသလို သက်ဆိုင်ရာတာဝန်ရှိသူတွေလည်း ဖြေရှင်းပေးတာမျိုးမရှိဘူးလို့ မြဝတီမြို့ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Cj
Phar Si Than (People’s Radio Myanmar)