
အောက်တိုဘာလ ၆ ရက်နေ့၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့ပေါ်နဲ့ ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်က အင်အား ၄၀၀ ကျော်နဲ့ တပ်ဖြန့်နေရာယူထားပြီး စစ်ရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်နေတယ်လို့ ဒေသတော်လှန်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေဆီကနေသိရပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့က ည ၈ နာရီဝန်းကျင်လောက်မှာ ပုလောမြို့ပေါ်က ရပ်ကွက် ၅ ခုကို ရောက်ရှိလာပြီး မြို့တော်ခန်းမ အချက်အချာကျတဲ့နေရာတွေနဲ့ ရပ်ကွက်အဝင်အထွက်နေရာတွေမှာ အဓိကတပ်ဖြန့်နေရာယူထားတယ်လို့ ပုလောမြို့ပေါ်ရှိ ဒေသခံအမျိုးသမီးတဦးက ဆိုပါတယ်။
“ရုတ်တရက်ကြီးရောက်ချလာတာ။ ကားလမ်းမကြီးကလာတာ လမ်းမတွေ့ရဘူး။ အခုလက်ရှိထိတော့ နေအိမ်တွေကို လိုက်စစ်ဆေးတာမျိုးမရှိဘူး။ ရပ်ကွက်တွေရဲ့ အဝင်အထွက်တွေမှာ နေရာယူထားတယ်” လို့ သူကအခုလိုပြောပါတယ်။
ပုလောမြို့မှာ တပ်ဖြန့်နေရာယူထားတဲ့တပ်တွေက ပုလောအခြေစိုက်တပ်တွေနဲ့ မြိတ်အခြေစိုက်တပ် တွေဖြစ်ပြီး စစ်ကောင်စီတပ်တွေက ကားလမ်းမကြီးကနေ ရောက်လာတာမဟုတ်တာကြောင့် ရေလမ်းကို အဓိကသုံးပြုပြီး ဝင်ရောက်လာတာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
“သူတို့စဝင်ရောက်လာတာက စက်တင်ဘာလ အလယ်လောက်ဖြစ်နိုင်တယ်။ အများစုကတော့ ရေလမ်းကို အသုံးပြုပြီးဝင်လာတာရှိတယ်။ ပုလောမှာ အဓိကလှုပ်ရှားနေတာက ခလရ (၂၈၅)၊ အမတ (၄၀၁)၊ မြိတ်ဘက်ကလည်း ရောက်လာနိုင်တယ်” လို့ သူကအခုလိုရှင်းပြပါတယ်။
အခုလို စစ်ကောင်စီတပ်တွေက ပုလောမြို့ပေါ်ကို ဝင်ရောက်လာတာဟာ တနင်္သာရီတိုင်းမှာ ပုလောမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်မတော်အင်အား အကောင်းဆုံးနေရာဖြစ်သလို စစ်ကောင်စီဘက်က တနင်္သာရီတိုင်းမှာ ရာထူးကြီးအပိုင်းတွေ နေရာအပြောင်းအလဲဖြစ်ထားတာကြောင့် အလုပ်လုပ်တဲ့ ပုံစံကိုပြတာဖြစ်နိုင်တယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တစ်ဦးက သူ့ရဲ့အမြင်ကို ပြောပြပါတယ်။
“ကျနော့်အမြင်ပြောရရင် ပုလောက စစ်ရေးအရှိန်လည်း မြင့်လာသလို သူတို့အထိအနာတွေလည်း များတာကြောင့်လည်းဖြစ်နိုင်တယ်။ ပုလောမှာက ကာကွယ်ရေးတပ်ဘက်က အသာစီးရထားတော့လေ။ ဟိုတလောကလည်း နယ်လုံဝန်ကြီးတွေပြောင်းထားတာဆိုတော့ အလုပ်လုပ်ပြတာလားတော့ မသိဘူး” လို့သူက အခုလိုဆိုပါတယ်။
ဒါ့အပြင် ပုလောမြို့နယ်ကို အင်အားအများအပြားနဲ့ရောက်ရှိလာတာက ပြည်သူ့ကာကွယ်ရေး တပ်တွေကို အပြီးသတ်ချေမှုန်းဖို့ကြိုးစားနေပြီး ပုလောမြို့နယ်ကို အခိုင်အမာကာကွယ်ဖို့ လုပ်နေတာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တစ်ဦးက သူ့ရဲ့အမြင်ကို ဆက်ပြောပြပါတယ်။
“ကျနော်တို့အနေနဲ့ရော စစ်တပ်အနေနဲ့ရော တဖက်ကိုတဖက် အပြီးသတ်ချေမိုးဖို့ ကြိုးစား နေကြတာလေ။ ဒီလောက်အင်အားနဲ့ အခုလိုရောက်လာတော့ ပုလောကို သူတို့ကာကွယ်ဖို့ရယ် ကျနော်တို့ကိုချေမှုန်းဖို့ရယ်ပေါ့” လို့သူက ဆက်ပြောပါတယ်။
ပုလောမြို့ပေါ်ရှိ ဒေသခံအမျိုသားတစ်ဦးက “အခုလို သူတို့ဝင်လာတော့ ကျနော်တို့လည်း အသွားအလာကအစ ဆင်ခြင်နေရတယ်။ ဘယ်အချိန်ဘာထဖြစ်မယ်ဆိုတာ မသိရဘူး။ ရင်တထိတ်ထိတ်နဲ့ နေနေရတယ်။ အခုလက်ရှိတော့ ရမ်းကားတာမျိုးတော့မရှိသေးဘူး။ ရှိလာမှာကိုဘဲ အကုန်လုံးက စိတ်ပူနေကြတယ်” လို့သူကအခုလိုပြောပါတယ်။
တနင်္သာရီတိုင်းထဲမှာ ပုလောမြို့နယ်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲအပြင်းထန်ဆုံးနေရာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရမှု၊ အကြောင်းမဲ့ပစ်သတ်ခံရတာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခံရတာတွေကို အများဆုံးဖြစ်လေ့ရှိတဲ့ နေရာဖြစ်တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေ အရသိရပါတယ်။
အခုလက်ရှိမှာလည်း ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား စစ်ရေးအခြေအနေတင်းမာနေပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ အရေးကြီးစာရွက်စာတမ်း၊ တန်ဖိုးရှိပစ္စည်းတွေကို သေချာထုပ်ပိုးဖိုနဲ့ စစ်ရေးသတိအမြဲရှိနေဖို ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက သတိပေးထုတ်ပြန်ထားပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)