ဘားအံ-သထုံကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၁၃) ဗုံးခွဲတိုက်ခိုက်ခံရ

စက်တင်ဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ဘားအံ-သထုံလမ်းပိုင်းရှိ တံတားတစ်စင်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် တံတားအောက်ခြေရှိ အလယ်ကွန်ကရစ်တိုင် ကွဲအက်ပျက်စီးခဲ့တယ်လို့ ဘားအံမြို့ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့
မနက် ၁ နာရီ ၃၅ မိနစ်လောက်က ဘားအံ-သထုံလမ်းပိုင်းရှိ တံတားအမှတ် (၂/၁၃) ကို အမည်မသိ အဖွဲ့တစ်ခုက ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် တံတားအောက်ခြေတိုင် ပျက်စီးခဲ့ပြီး ကားအသွားလာတွေ ခက်ခဲနေတယ်လို့ ဘားအံမြို့ဒေသခံတွေက ပြောပါတယ်။

“ပျက်စီးသွားတာက ဒီဘားအံဘက်ကလာတဲ့အပိုင်းမှာ ပျက်စီးသွားတယ်၊ အောက်ခြေတိုင်ကြီး တစ်ခြမ်းပဲ့သွားတယ်၊ မိုင်းကတော်တော်ကြီးလားမသိဘူး၊ အသံအကျယ်ကြီးကြားရတယ်” လို့ ဘားအံမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို တံတားအောက်ခြေတိုင်ပျက်စီးသွားတာကြောင့် တံတားအနည်းငယ်ယိုင်သွားပြီး အခြေနေကြည့်ကာ သွားလာနေရတယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။

“တံတားက လုံးဝပျက်စီးသွားတာတော့ မဟုတ်ဘူး၊ အောက်ခြေတိုင်မှာပေါက်ကွဲတော့ နည်းနည်းယိုင်သွားတယ်၊ ကားကတော့ မပိတ်ပါဘူး၊ အများကြီး တစ်ခါထဲတော့ ဖြတ်သွားလို့မရဘူး” လို့ သူကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်ဘက်က သွားရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ ဝါးလုံးလှေကားတစ်ခုနဲ့ KNU/KNLA တံဆိပ်ပါတဲ့ ဦးထုတ်တစ်လုံးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဘားအံ-သထုံလမ်းပိုင်းမှာ ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပေါ်လေ့ရှိသလို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ဘားအံ-သထုံကားလမ်းမ၊ ဘုရင့်ညီဂူနားရှိ တံတားတစ်စင်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် တံတားအနည်းငယ်ပျက်စီးသွားပြီး ကားလမ်းပိတ်ဆို့တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။

သတင်း – ကိုဖြိုး
ဓာတ်ပုံ – PAN Telegram Channel
Phar Si Than (People’s Radio Myanmar)