လှိုင်ဝအမြှောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ နောင်တလာကျေးရွာကဒေသခံ ၁ ဦးသေဆုံး

 

စက်တင်တာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းကျေးရွာအုပ်စုရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံမှသိရပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့ မနက် ၆ နာရီဝန်းကျင်အချိန်က ​လှိုင်ဝအမြှောက်ကုန်းကနေ လက်နက်ကြီး နဲ့ဆက်တိုက်ပစ်ခတ်နေတာကြောင့် နောင်တလာကျေးရွာက အသက် ၃၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

“ဒီနေ့ မနက် နောင်တလာမှာ လက်ကြီးအစမှန် လူတစ်ယောက်သေတယ် ယောင်္ကျားလေးပဲ လက်နက်ကြီး အိမ်ပေါ်ကျလို့ မဟုတ်ဘူး ဇက်နား ကနေလည်မျိုကို ထုတ်ချင်းပေါက်သွားတယ်” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့လှိုင်ဝအမြှောက်တပ်ကနေ မနက်အစောပိုင်းကတည်းက နေ့လည် ၁ နာရီဝန်းကျင် လောက်ထိကို လက်နက်ကြီးပစ်ခတ်သံတွေကြားနေရသလို နောင်တလာကျေးရွာကဒေသခံတစ်ချို့​မှာလည်း အနီးနားကတောတွေ၊ ရာဘာခြံတွေမှာ သွားရောက်နေထိုင်နေကြတယ်လို့ တိမ်းရှောင်နေသူ အမျိုးသားတစ်ဦးကပြောပါတယ်။

“မနက်ကတည်းကပစ်နေတာ ခုထိပဲ လက်နက်ကြီးတွေနဲ့ အမြှောက်တပ်ကနေ လက်ကုန်ပစ်နေတယ် အသေးရော အကြီးရော အခုထိလည်းကြားနေရတုန်းပဲ ကျွန်တော်တို့တော့ ရှောင်နေရပြီအခု ရွာနဲ့ နည်းနည်းဝေးတဲ့ ရော်ဘာခြံတို့ တောဘက်မှာ ​ရှောင်နေကြတယ်” လို့သူကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့တုန်းကလည်း တောင်ကြာအင်းကျေးရွာက စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဘက်မှ ၆၀ မမနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၅ နှစ်အရွယ်တစ်ဦး လက်နက်ကြီးကျည်ထိမှန်ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကနေ အခုစက်တင်ဘာလအထိ ကျုံဒိုးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ၁ ဦး သေဆုံးကာ နေအိမ် ၁ လုံး ပျက်စီးခဲ့တယ်လို့ ဒူးပလာယာခရိုင်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)