
စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ကပါ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းကဒေသခံ၂၀၀၀ နီးပါးထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၇ နာရီဝန်းကျင်အချိန်မှာ ခလယ်ရွာနဲ့ မြို့ဟောင်းရွာအကြား စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဘက်ကပါ Mi 35 ရဟတ်ယာဥ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ခလယ်ရွာကြီး၊ ခလယ်ရွာလေးနဲ့ တံခွန်တိုင်ကျေးရွာကဒေသခံ ၂၀၀၀ ဝန်းကျင်လောက်ဟာ အနီးအနားကျေးရွာတွေမှာ သွားရောက်နေထိုင်နေကြတယ်လို့ စစ်ဘေးတိမ်းရှောင်နေသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။
“မြို့ဟောင်းနဲ့ ခလယ်ရွာလေးကြား အဲ့ဒီမွန်စုကနေ ပစ်ကြတယ် မိုးလည်းရွာနေတယ် စပစ်တာကတော့ ၇ နာရီကျော်ကျော်လောက်ကနေပစ်ကြတယ် ခလယ်ရွာကြီး၊ ခလယ်ရွာလေး၊ ခလယ်မွန်စု၊ ခလယ်တံခွန်တိုင် အဲ့က အကုန်လုံးအပေါ်ရွာတွေမှာရှောင်နေရတယ် အခုဆိုထောင်နဲ့ချီပြီးပေါ့ ဒီနေ့ ထပ်ပြောင်းရွှေ့တယ်ဆိုရင် ခလယ်ရွာကြီးတစ်ရွာလုံးဆို ၂၀၀၀ နီးပါးလောက်ရှိတယ် ဘုန်းကြီးကျောင်းမှာကျန်တဲ့ လူတွေကိုလည်း ကား ၂ စီးနဲ့ သွားကြိုလိုက်တယ်”လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်က စက်တင်ဘာမှ ၁၄ ရက်နေ့ မနက် ၉ နာရီဝန်းကျင်အချိန် Mi 35 ရဟတ်ယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သလို စစ်ကောင်စီတပ်ဘက်မှလည်း ထိခိုက်သေဆုံးမှုတွေရှိနေပြီး ခလယ်မွန်စုအတွင်းက နေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့သူကဆက်ပြောပါတယ်။
“တိုက်ပွဲကတစ်နေကုန်ဖြစ်နေတယ် ပြီးတော့လေယာဉ်နဲ့လာကြဲတယ်တဲ့ လာကြဲတော့ ခလယ်မွန်စုက အိမ်တွေထိတယ်တဲ့ ပြီးတော့ အမြှောက်တပ်တွေဘက်ကလည်း ပစ်တယ်ဆိုတော့ PDF ဘက်ကလည်း တစ်ယောက်ကျတယ် သူတို့ဘက်လည်း ၄ ယောက် ၅ ယောက် လောက်ထိတယ် ဒဏ်ရာလည်းရတယ် အိမ်ကတော့ တည့်တည့်ထိတာဆိုလို့ ၃ အိမ် ၄ အိမ်လောက်ရှိတယ် အိမ်အလယ်တည့်တည့်ကိုကျတာနဲ့ အိမ်နောက်ဖေးပျက်သွားတယ် ရှပ်ထိတာကတော့ ၅ လုံး ၆ လုံး လောက်ပေါ့”လို့သူပြောပါတယ်။
စစ်ဘေးရှောင်နေရတဲ့ဒေသခံ၂၀၀၀ ကျော်ကို အနီးအနားကျေးရွာက ဒေသခံပြည်သူတွေရဲ့အိမ်မှာ တစ်အိမ်ကို လူဦးရေ ၂၀ နဲ့ ၃၀ ဝန်းကျင်ကြားနေထိုင်နေရပြီး မိုးရာသီဖြစ်တာကြောင့် စားရေး သောက်ရေး၊ နေရာထိုင်ခင်းနဲ့ သွားလာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဒီနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ မနက် ၅ နာရီဝန်းကျင်ချိန်မှာလည်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်သံတွေကိုကြားနေရတယ်လို့ ပုလိန်ကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ကရင်ပြည်နယ်အတွင်းက ဒေသတွေဖြစ်တဲ့ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ သံတောင်နဲ့ ဖာပွန်မြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နေတိုင်းနီပါး နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ KNLA သတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)