
ဖေဖော်ဝါရီလ ၁၄ရက်၊ ၂၀၂၄
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)ပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ ဒေသခံနေအိမ်မီးလောင်မှုတွေလည်း ဆက်ရှိနေတယ်လို့သိရပါတယ်။
ဖေဖော်ဝါရီလ ၁၃ရက်နေ့ မနက် ၅နာရီ၃၀မိနစ်အချိန်ကနေ နေ့လယ်၂နာရီဝန်းကျင်လောက် ထိကိုခလရ(၉၇)တပ်ရင်းအနီးနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။
စစ်ကောင်စီတပ်လက်အောက်ခံ ခလရ ၉၇တပ်ရင်း၊ ကော့ကရိတ်မြို့အခြေစိုက် စကခ ၁၂ နဲ့ စစ်ကောင်စီတပ်အထိုင်ချထားတဲ့နေရာအနှံ့အပြားကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမှတ်၂ ဝင်းကြီးရပ်ကွက်တောင်စွန်းတံတားအနီးက နေအိမ်၁၀လုံးလောက် မီးလောင်ပျက်စီးခဲ့တယ်လို့ မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။
“အမှတ်၂ဝင်းကြီးတောင်စွန်းတံတားနေရာအိမ်၁၀လုံးလောက်မီးလောင်ဆုံးရှုံးသွားတယ်တိုက်ပွဲဖြစ်တာကမနက်၅နာခွဲကနေစဖြစ်တာ ေန့လယ်၂နာရီခွဲလောက်ပြီးသွားတယ်၊မီးလောင်တာကမနက်၁၀နာရီလောာက်ကနေလောင်တာ၁၁နာရီလောက်မှာမီးငြိမ်းသွားတယ်အိမ်ခြေ၁၀လုံးလောက်ပါသွားတာပေါ့”လို့သူကပြောသည်။
ကော့ကရိတ်မြို့အတွင်းကနေရာအနှံ့အပြားမှာတပ်အထိုင်ချထားတဲ့စစ်ကောင်စီတပ်သားတွေဟာ လက်နက်ကြီးတွေနဲ့ ရပ်ကွက်တွေဘက်ကိုအမြဲလိုလိုပစ်ခတ်နေတာကြောင့် နေ့တိုင်းနီးပါး မီးလောင်နေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုသည်။
“အဓိကကမီးကိုပဲကြောက်တယ်လေ မီးကလောင်ပြန်ပြီးလောင်ပြန်ပြီး တစ်ရက်ခြားနှစ်ရက်ခြားလောင်ပြန်ပြီး အဲ့လိုပဲလောင်နေတာလေဟိုမှာလောင်လိုက်ဒီမှာ လောင်လိုက် အကိုတို့ပဲအဲ့တာလိုက်သတ်နေတယ်နယ်မြေကျော်ကျော်ပြီးတော့လိုက်သတ်နေရတယ်မီးတွေကဝိုင်းမကူဝိုင်းမလုပ်ရင်လည်းတစ်မြို့လုံးကုန်သွားမယ်လေ မြို့ထဲပတ်ဝန်းကျင်ပေါ့ အစွန်အဖျားတော့သွားမရဘူး မှာပြီးပစ်ခံထိမယ်လေ”လို့ဆိုသည်။
နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကလည်း “လက်နက်ကြီးတွေကတော့ တစ်မြို့လုံးနေရာကနေပစ်နေတာ လှိုင်ဝကုန်းမှာဆိုလည်း သူတို့အမြှောက်တွေချထားတယ် ခရင်းကုန်းဆိုလည်းခရင်းကုန်းကင်းချတဲ့နေရာကနေကိုအကုန်ပစ်ထုတ်နေတာလက်နက်ကြီးအကြီးဆုံးပစ်တာကတော့စကခပစ်တယ်၊၉၇တို့နေ့ရာပေါင်းစုံပဲတစ်နေရာထဲမဟုတ်ဘူးသူတို့အဲ့လိုပစ်တော့ရပ်ကွက်ရပ်ကွက်တွေလိုက်ကျတာပေါ့ အဲ့တာကြောင့်မီးလောင်တာပေါ့”လို့ဆိုသည်။
ဒါ့အပြင်ကော့ကရိတ်မြို့အတွင်းကိုလည်းစစ်ကောင်စီတပ်ကဒရုန်းနဲ့ဗုံးသီးကြဲချတိုက်ခိုက်တာနီးစပ်ရာကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးတွေကို နေ့တိုင်းနီးပါးဖြစ်ပွားနေသလို တိုက်ပွဲတွေဟာလည်းနေ့၊ ညအချိန်မရွေးဖြစ်ပွားနေတာဖြစ်တယ်လို့ KNLAသတင်းအရင်းမြစ်တစ်ဦးက ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁၂ရက်နေ့တုန်းကလည်းကော့ကရိတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့ နေရာအနှံ့အပြားကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်အမှတ် ၃ရပ်ကွက် အထက ၁ ကျောင်းအနီးကနေအိမ်၂လုံးမီးလောင်ပျက်စီခဲ့ပြီး ဒီနေ့ဖေဖော်ဝါရီလ ၁၄ရက်နေ့မှာတော့ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲ အခြေအနေတွေငြိမ်သက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကော့ကရိတ်မြို့တွင်းတိုက်ပွဲဖြစ်ပွားတာဟာ နှစ်လကျော်ကြာမြင့်နေပြီဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာ၊ရှို့မီးတွေကြောင့်လည်းပြည်သူနေအိမ်၂၀၀ ထပ်မနည်း မီးလောင်ပျက်စီးခဲ့သလို နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုတွေရှိနေတယ်လို့KNLAသတင်းအရင်းအမြစ်တွေရဲ့ပြောပြချက်အရသိရသည်။
သတင်း-နော်ဖူးဖူး
ပုံ-ပုံဟောင်း
Phar Si Than (People’s Radio Myanmar)