ဒုတိယရန်ကုန်ဖြစ်သွားတဲ့ မြို့တော်ဘန်ကောက်

ဒုတိယရန်ကုန်ဖြစ်သွားတဲ့ မြို့တော်ဘန်ကောက်

ဘုန်းမောင်

စစ်ပွဲများအပေါ် ငြီးငွေ့စိတ်ကုန်လာခြင်းနှင့် နိုင်ငံ၏ချမ်းသာကြွယ်ဝမှုများ ရပ်တန့်စေနိုင်သည့် စစ်ကောင်စီ ၏ကြိုးပမ်းအားထုတ်မှုများကြောင့် မြန်မာနိုင်ငံသားအများအပြား ပြည်ပထွက်ခွာနေကြရသည်။ ထိုသို့ ပြည်ပတွင်နေထိုင်လိုသူများက ထိုင်းနိုင်ငံတွင် ကွန်ဒိုတိုက်ခန်းများဝယ်ယူမှုမြင့်မားလာခဲ့ပြီး ထိုင်းနိုင်ငံ ၏အိမ်ခြံမြေဈေးကွက်ကို မြန်မာနိုင်ငံသားများ၏ဝယ်လိုအားက ကျော်ဖြတ်သွားနိုင်ခဲ့သည်။

ပြီးခဲ့သောရက်သတ္တပတ်မှာတော့ ဗဟိုဘဏ်ခွင့်ပြုချက်မရဘဲ နိုင်ငံခြားဘဏ်အကောင့်ဖွင့်မှုနှင့် ထိုင်းနိုင်ငံ တွင် အိမ်ခြံမြေရောင်းဝယ်ခြင်းများကြောင့် မြန်မာနိုင်ငံသား ၆ ဦးကိုဖမ်းဆီးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာ ကတဆင့် စစ်ကောင်စီကကြေညာခဲ့သည်။ ဖမ်းဆီးခံရသူများမှာ တန်ဖိုးများကွန်ဒိုတိုက်ခန်းများ ရောင်းချ နေသော ရန်ကုန်အခြေစိုက် မင်းသူကုမ္ပဏီက ဒါရိုက်တာ ၃ ဦးနှင့် အရောင်းပြပွဲတစ်ခု၌ ကွန်ဒိုဝယ်ယူခဲ့သူ ၃ ဦးတို့ဖြစ်ကြသည်။

မေလနှောင်းပိုင်းမှာတော့ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခဲ့ပြီး အမေရိကန် ၁ ဒေါ်လာကို ၅၀၀၀ ကျပ် ဝန်းကျင်အထိရောက်ရှိခဲ့လေသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်ကပ်ကြောင့် မြန်မာကျပ်ငွေ တန်ဖိုးသည် ကိုဗစ်မတိုင်ခင် ၂၀၁၉ ခုနှစ်ကထက် ၇၅ ရာခိုင်နှုန်းကျဆင်းသွားခဲ့သည်။ (ကိုဗစ်ကာလတုန်း ကတော့ အမေရိကန် ၁ ဒေါ်လာလျှင် ၁၄၀၀ ကျပ်ဖြစ်သည်)

မြန်မာစစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြားဖြစ်ပွားနေသောတိုက်ပွဲများက ၃ နှစ်အတွင်းရောက်ရှိလာ ခဲ့ပြီလည်းဖြစ်သည်။ ယခုနှစ်ပထမ ၃ လပတ်အတွင်း ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများကွန်ဒိုဝယ်ယူမှုက ၂ ဒဿမ ၂ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ သန်း ၆၀) ကျော်ရှိပြီး ဒုတိယနေရာကရပ်တည်နိုင်ခဲ့သည်။

ထို့ကြောင့်လည်း မြန်မာနိုင်ငံများ၏ ထိုင်းနိုင်ငံတွင်းကွန်ဒိုဝယ်ယူမှုက ပထမသုံးလပတ်အတွင်း ၁၃ ဒဿမ ၄ ရာခိုင်နှုန်းအထိခုန်တက်သွားခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၅ ဒဿမ ၄ ရာခိုင်နှုန်းသာရှိခဲ့သည့်အတွက် နှစ်ဆ ကျော်ခုန်တက်သွားခဲ့သည်။

ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုက ဘတ် ၃ ဒဿမ ၇ ဘီလီယံ သာရှိခဲ့ပြီး တရုတ်နှင့် ရုရှားတို့နောက်တွင်ရပ်တည်ခဲ့သည်။ ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်အတွင်းမှာတော့ မြန်မာနိုင်ငံသားများ၏ကွန်ဒိုဝယ်ယူမှုမြင့်တက်လာခဲ့ပြီး ရုရှားကိုကျော်ဖြတ်ကာ တရုတ်နောက် ကပ်နိုင်ခဲ့ သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေအသစ်များရိုက်နှိပ်ထုတ်ဝေခဲ့သည့်အပြင် နိုင်ငံခြားအရန်ငွေသို လှောင်မှုကြောင့် ကျပ်ငွေတန်ဖိုးပြိုလဲသွားခဲ့သည်။ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု နှုန်းက ၁၅ ဒဿမ ၅ ရာခိုင်နှုန်းအထိရှိနိုင်ပြီး စီးပွားရေးကတော့ ၁ ဒဿမ ၂ ရာခိုင်နှုန်းသာတိုးတက်လိမ့် မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်ကခန့်မှန်းထားသည်။

ကျပ်ငွေတန်ဖိုးပြိုလဲနေသောကြောင့် စစ်ကောင်စီက နိုင်ငံခြားငွေစာရင်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ဝင်ငွေ များနှင့် အလုပ်သမားများ၏ငွေလွဲမှုများအား အတင်းအကြပ်စေခိုင်းခဲ့လေသည်။

“သူတို့ထုတ်ပြန်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာနေမယ်ဆိုရင်တောင် လုံခြုံမှုမရှိပါဘူး။ နောက်ပြီး ဘဏ်တွေမှာများသောအားဖြင့်ရှိနေကြတာက သွေးစုပ်ဖုတ်ကောင်လိုလူတွေပဲရှိနေတာ”ဟု ထိုင်းနိုင်ငံတွင် ၂ နှစ်ကျော်နေထိုင်နေသည့် မြန်မာ့ဈေးကွက်ရှာဖွေရေးအမှုဆောင်ဖြစ်သူ မစန္ဒာ က ပြော သည်။

၎င်းက “လုံခြုံစိတ်ချရသလို ကြေးလည်းကြီးတဲ့နောက်ထပ်လောင်းကြေးကတော့ နိုင်ငံရပ်ခြားမှာပိုင် ဆိုင်မှုရှိဖို့ပါပဲ”ဟုဆိုသည်။

ဘန်ကောက်မြို့၌ ၂၀၂၃ ခုနှစ်အတွင်း ကွန်ဒိုရောင်းရငွေက ဘတ် ၃ ဒဿမ ၃ ဘီလီယံရှိခဲ့ပြီး ဖူးခက်ကျွန်း ကတော့ ဘတ်ငွေ ၁၂၁ သန်းဖြစ်သည်။

“မြန်မာနိုင်ငံသားအဆက်အသွယ်တွေအများကြီးရှိနေတဲ့ ဘန်ကောက်က ဒုတိယရန်ကုန်နဲ့တူလာပြီ။ ဒါကြောင့်လည်း ဘန်ကောက်မှာတိုက်ခန်းဝယ်ဆို မှားတော့မမှားဘူး”ဟု မစန္ဒာကပြောသည်။

မြန်မာနိုင်ငံသားများသည် ဘန်ကောက်ရှိကွန်ဒိုတိုက်ခန်းများကို ဈေးနှုန်းအမျိုးမျိုးဖြင့်ဝယ်ယူနေကြပြီး ပထမသုံးလပတ်အတွင်းဝယ်ယူခဲ့ကြသော ကွန်ဒိုအများစု၏တန်ဖိုးက ဘတ်ငွေ ၃ သိန်းကျော်ဈေးရှိသည်။

ထိုင်းနိုင်ငံတွင်ကွန်ဒိုဝယ်ယူမှုများနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တွင်ဖမ်းဆီးမှုများရှိခဲ့ပြီးနောက်ပိုင်း လုပ်ငန်း နှေးကွေးသွားသည်ဟု ဘန်ကောက်ရှိပွဲစားတစ်ဦးကပြောသည်။ သို့သော် ချင်းမိုင်မြို့တွင် အိမ်ခြံမြေအကျိုး ဆောင်တစ်ဦးဖြစ်သူ ကိုထွန်း ကတော့ ဖမ်းဆီးမှုများက အဓိပ္ပါယ်မရှိဟုဆိုသည်။

သို့သော် တန်ဖိုးနိမ့်နိုင်ငံခြားငွေများအသုံးပြု၍ နိုင်ငံခြားငွေလဲလှယ်နေမှုများအပေါ် တရားစွဲဆွဲမှုများမြင့် တက်လာမည်ဆိုပါက မြန်မာအိမ်ခြံမြေပွဲစားများနှင့်ဖောက်သည်များအတွက်တော့ စိုးရိမ်စရာအကြောင်းရှိ လာနိုင်ပါသည်။

ပြည်ပ၌အိမ်ခြံမြေများဝယ်ယူရာတွင် ငွေလွှဲရသည့်အခက်အခဲများကြောင့် မြန်မာပွဲစားများသည် အမှန် တကယ်ကျသင့်သောတန်ဖိုးထက်ဈေးနည်းသော ကွန်ဒိုတိုက်ခန်းများကိုသာပြသလေ့ရှိသောကြောင့် အခွန် နှုန်းထားများအပေါ် ထိခိုက်စေနိုင်ပါသည်။

“ကျပ်ငွေတန်ဖိုး မတည်မငြိမ်မှုတွေကြောင့် မြန်မာတွေက ကျပ်ငွေကိုလက်ထဲမထားချင်တော့ဘူး။ ဒါကြောင့်လည်း သူတို့ငွေတွေကို ရွှေ ဒါမှမဟုတ် ဒေါ်လာ ဒါမှမဟုတ် အိမ်ခြံမြေလုပ်ငန်းတွေမှာရင်းနှီးမြှုပ် နှံနေကြတာ ဆန်းတော့လည်းမဆန်းပါဘူး”ဟု ချင်းမိုင်ရှိ နောက်ထပ်အိမ်ခြံမြေအကျိုးဆောင်ဖြစ်သူ မသိင်္ဂီ ကပြောသည်။

“လတ်တလောဖမ်းဆီးမှုတွေက ဒီမှာရှိနေတဲ့အေးဂျင့်တွေအပေါ်ကိုတော့ ထိခိုက်မှုမဟုတ်သေးဘူးလို့ ထင် ပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့အရောင်းအဝယ်တွေမှာ ပိုပြီးသတိထားရတော့မယ်လို့ အချက်ပေးတာလည်း ဖြစ်ပါတယ်”

ထိုင်းနိုင်ငံ၏ကွန်ဒိုဈေးကွက်တွင် နိုင်ငံခြားဝယ်လက်များသည် ဘန်ကောက်အပြင် အနီးတဝိုက်ရှိ ဆမွတ် ပရာကန်၊ ချွန်ဘူရီ စသည့်နေရာများတွင် ကွန်ဒိုများဝယ်ယူလေ့ရှိကြသည်။

ပြီးခဲ့သောရက်ပိုင်းမှာတော့ ထိုင်းအစိုးရက နိုင်ငံခြားသားမြေယာပိုင်ဆိုင်ခွင့်ဆိုင်ရာစံနှုန်းများကို ပြန်လည် update ပြုလုပ်ခဲ့ပြီး ယင်းတွင် အမွေဆက်ခံသူများသည် လယ်ယာမြေအမွေဆက်ခံပိုင်ခွင့်ရှိသလို ထိုင်းနိုင် ငံတွင်း ရင်းနှီးမြှုပ်နှံလိုသူများသည် ဘတ်သန်း ၄၀ အနည်းဆုံးလိုအပ်ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများမြေယာပိုင်ဆိုင်ခွင့်က ရှုပ်ထွေးလွန်းသောကိစ္စတစ်ရပ်ဖြစ်သလို ၁၉၅၄ ခုနှစ် မြေယာအက်ဥပဒေဖြင့် တင်းတင်းကြပ်ကြပ်ချုပ်ကိုင်ထားပြီး ယေဘုယျအားဖြင့်တော့ နိုင်ငံခြားသား များမြေယာပိုင်ဆိုင်ခွင့်ကို တားမြစ်ထားခြင်းသာဖြစ်သည်။

ယင်းသို့ တားမြစ်ထားရခြင်းမှာလည်း ထိုင်းနိုင်ငံ၏ သဘာဝသယံဇာတရင်းမြစ်များအား ထိန်းသိမ်းရန်ရည် ရွယ်ပါသည်။

သို့သော် အဆိုပါမြေယာအက်ဥပဒေကို ထိုင်းအစိုးရကဖြေလျှော့ပေးခဲ့သလို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဘုတ်အဖွဲ့ ကလည်း အချို့သောလုပ်ငန်းအမျိုးအစားများ၌ရင်းနှီးမြှုပ်နှံကြမည့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ အတွက် မြေယာပိုင်ဆိုင်ခွင့်ပြုလိုက်ပြီဟု သိရသည်။

ယင်းအပြင် ထိုင်းနိုင်ငံ၏ ကွန်ဒိုမီနီယံအက်ဥပဒေအရ နိုင်ငံခြားသားများသည် ကွန်ဒိုမီနီယံအဆောက်အအုံ စုစုပေါင်း၏ ၄၉ ရာခိုင်နှုန်းအထိပိုင်ဆိုင်နိုင်သည်ဟုဆိုသည်။

ဖော်ပြပါခွင့်ပြုချက်များရှိနေသော်လည်း ထိုင်းနိုင်ငံသားမဟုတ်သူများအတွက် ပိုင်ဆိုင်မှုဆိုင်ရာဥပဒေက တင်းကြပ်သဖြင့် ထိုင်းနိုင်ငံတွင်းအိမ်ခြံမြေဝယ်ယူကြမည့် နိုင် ငံခြားသားများသည် အဆိုပါရှုပ်ထွေးမှုများကို အပြည့် အဝနားလည်ထားရန်လိုအပ်သည်။

သို့ ေပမှလည်း အိမ်ခြံမြေရောင်းဝယ်မှုဆိုင်ရာရှုပ်ထွေးမှုများက ရှောင်ရှားနိုင်မည်ဖြစ်ပြီး နိုင်ငံ၏တရား ဥပဒေကိုလည်း လိုက်နာနိုင်မည်ဖြစ်သည်။

နိုင်ငံခြားသားများအတွက် ထိုင်းအစိုးရကဖြေလျှော့ပေးခဲ့သော အပြုသဘောဆောင်သည့် အပြောင်းအလဲ များမှာ –

၁။ မကြာသေးမီကပင် ထိုင်းနိုင်ငံ၏မြေယာဦးစီးဌာနက ထိုင်းနိုင်ငံရှိနိုင်ငံခြားသားများအတွက် မြေယာပိုင် ဆိုင်ခွင့် ဆိုင်ရာ စံသတ်မှတ်ချက်များကို မွမ်းမံပြင်ဆင်ခဲ့ပါ သည်။

၂။ လယ်ယာမြေအမွေဆက်ခံပိုင်ခွင့်နှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံသားမဟုတ်သူများသည်လည်း အမွေဆက်ခံ ပိုင်ခွင့်ရှိပါသည်။ သို့သော် ယင်းအမွေဆက်ခံမှုက မြေ ယာပိုင်ဆိုင်ခွင့်ဥပဒေများတွင်ဖော်ပြထားသော စည်းမျဥ်းများ သို့မဟုတ် နိုင်ငံခြားသားများ၏ မြေယာပိုင်ဆိုင်ခွင့်ဆိုင်ရာစံနှုန်းများကို လိုက်နာရမည်။

ဥပမာ – အမွေဆက်ခံသူများသည် စက်မှုလုပ်ငန်းလုပ်ကိုင်ရန် မြေ ၁ ရိုင်( ၀ ဒဿမ ၁၆၀ ဟက်တာ ) သို့မဟုတ် စိုက်ပျိုးရေးအတွက် မြေ ၁၀ ရိုင် (၁ ဒဿမ ၆၀ ဟက်တာ) အထိ အမွေဆက်ခံနိုင်သည်။ လယ်ယာမြေများအသုံးပြုရာတွင် မူလပိုင်ရှင်များ၏ ခွင့်ပြုချက်များနှင့်လည်း ကိုက်ညီရပေလိမ့်မည်။ (မြေ ၁ ရိုင်သည် ၀ ဒဿမ ၃၉၅ ဧကနှင့်ညီမျှသည်)

၃။ မြေယာဝယ်ယူခွင့်နှင့်ပတ်သက်ပြီး မြေယာဥပဒေပုဒ် မ ၉၆ အရ နိုင်ငံခြားသားများသည် ထိုင်းနိုင်ငံတွင် အနည်းဆုံး ဘတ်သန်း ၄၀ ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး လူနေအိမ်ဆောက်လုပ်ရန်အတွက် မြေ ၁ ရိုင် ဝယ်ယူ ခွင့်ရှိသည်။

၄။ အဆိုပါရင်းနှီးမြှုပ်နှံမှုသည် ထိုင်းနိုင်ငံ၏စီးပွားရေးနှင့် လူမှုဖူလှုံရေးအတွက် အထောက်အကူဖြစ်စေရ မည် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဘုတ်အဖွဲ့ကသတ်မှတ်ထားသော အမျိုးအစားစာရင်းတွင် အကြုံး ဝင်ရမည်။

၅။ ရင်းနှီးမြှုပ်နှံမှုများသည် အနည်းဆုံး ၃ နှစ်ကြာမြင့်ရမည်ဖြစ်ပြီး နိုင်ငံခြားများသည် ဘန်ကောက်၊ ပတ္တယား သို့မဟုတ် အခြားမြို့နယ်တစ်ခုခုတွင် အိမ်ရာဝယ်ယူခွင့်ရှိသည်။

၆။ မြေယာလွှဲပြောင်းခြင်းနှင့်ပတ်သက်ပြီး နိုင်ငံခြားသားများသည် ၁၉၇၇ ခုနှစ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အက်ဥပဒေကဲ့သို့သော သက်ဆိုင်ရာဥပဒေများနှင့်အညီ မြေယာလွှဲပြောင်းခြင်းလုပ်ငန်းစဥ်များ ဆောင် ရွက်နိုင်သည်။

၇။ နိုင်ငံခြားသားများမြေယာဝယ်ယူရန် အမည်စာရင်းလိမ်လည်တင်သွင်းသည့် ထိုင်းနိုင်ငံသားများသည် အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်၊ ဒဏ်ငွေ ဘတ် ၆,၀၀၀ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်ခံရနိုင်သည်။

၈။ တရားမဝင်မြေယာပိုင်ဆိုင်ထားသည်ဟု အပြစ်ရှိကြောင်းတွေ့ရှိသည့် နိုင်ငံခြားသားများသည် အမြင့် ဆုံးအဖြစ် နေ့စဥ် ဘတ် ၂၀,၀၀၀ သို့မဟုတ် ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်။

 

Ref: Nikkei Asia, Land Department, The Nation, The Thaiger