
“ကျွန်မရဲ့ တစ်သက်မမေ့နိုင်တဲ့ ခရီးရှည်တခု”
တော်လှန်ရေးမှာ နည်းမျိုးစုံနဲ့ပါဝင်အားဖြည့်နေတဲ့ သူတွေတိုင်းဟာ အသက်ဘေးလုံခြုံရေးအတွက် တစ်ချိန်ချိန်မှာ တစ်နည်းနည်းနဲ့ ကိုယ့်ရဲ့နေရပ်ကနေ ထွက်ပြေးတိမ်းရှောင်ကြရတဲ့လူတွေဒုနဲ့ဒေးပါ။ အဲ့လိုပဲ ကျွန်မလည်း ကိုယ့်အတွက် လုံခြုံမှုမရှိတော့တဲ့နောက်မှာတော့ ကျွန်မနေထိုင်တဲ့ ဇာတိမြို့လေးကနေ ထွက်ခွာဖို့ အကြောင်းဖန်လာပါတော့တယ်။
ပထမဦးဆုံး ကျွန်မနေထိုင်တဲ့မြို့ရဲ့ အဝေးပြေးကားဂိတ်ကို အရင်ခြေလှမ်းစချမိတယ်။ ကားလက်မှတ် အရောင်းဌာနက ကောင်မလေးကို ပိုက်ဆံပေးပြီး ကျွန်မ ကားလက်မှတ်တစ်စောင် အရင်ဖြတ်ခဲ့တယ်။ ကားလက်မှတ်ဖြတ်ရင်းနဲ့ပဲ စာရေးမလေးကို ကျွန်မ အကူအညီတခုတောင်းမိတယ် “ညီမလေးရေ အမကို ဘေးခုံ မှာ မိန်းကလေးနဲ့တွဲချပေးပါနော်” ….
စိတ်ထဲမှာတော့ စိုးရိမ်ထိတ်လန့်တဲ့စိတ်ကရှိနေတယ် တစ်ယောက်ထဲခရီးဝေးသွားရမှာဆိုတော့ နည်းနည်းတော့ တုန်လှုပ်ခြောက်ခြားမိတယ်။ အဲ့လိုစိတ်ကြီးအမြဲတမ်းကြီးစိုးမိုးနေတာကို ကိုယ်တိုင်လည်းမကြိုက်တော့ တစ်ခြားနည်းလမ်းနဲ့ မေ့ဖျောက်နိုင်အောင် စိတ်ကိုတစ်ခြားနေရာကို လွှင့်ထုတ်ထားလိုက်မိတယ်။
ကျွန်မ ထိုင်ခုံက မှန်နဲ့ကပ်လျက် ခုံဆိုတော့ ကားဝင်းအထဲက လှုပ်ရှားနေတဲ့ မြင်ကွင်းတွေကို ငေးနေလိုက်မိတယ်။ သိပ်မကြာပါဘူး ကျွန်မနဲ့တွဲထိုင်မယ့်အမျိုးသမီးတစ်ဦးရောက်လာတယ် လက်ထဲမှာ ၂ နှစ်ကျော်လောက်ရှိမယ့် သမီးလေးတယောက်ကို ပွေ့ထားတာမြင်တော့ ကျွန်မစိတ်ထဲ ဒီလောက်ခရီးဝေးကို ကလေးချီရင်း အဲ့ဒီအမျိုးသမီး အဆင်မပြေလောက်ဘူးလို့တွေးမိတာနဲ့ ကျွန်မနေရာကိုဖယ်ပြီး သူ့ကိုပေးထိုင်လိုက်မိတယ်။ ကျွန်မက တစ်ယောက်ထဲလေ ဘယ်နေရာထိုင်ထိုင် အဆင်ပြေပါတယ်။
ခဏအကြာတော့ ယာဥ်မောင်းအကူရဲ့ အသံကိုကြားရပြီးမကြာဘူး ကျွန်မတို့ကားလေး အဝေးပြေးလမ်းမကြီးဆီကို ဦးတည်ထွက်သွားနေပါပြီ။ ပုံမှန်ဆိုခရီးသွားရင် နားကြပ်တပ်ပြီးအိပ်နေကျ ကျွန်မက ပါလာတဲ့နားကြပ်လေးကို တောင်ထုတ်ပြီးမတပ်ဖြစ်ဘူး။ အရင်လို တည်ငြိမ်နေတဲ့ခေတ်ကာလ မဟုတ်ဘူးလေ အချိန်မရွေးတခုခု ဖြစ်နိုင်တယ်ဆိုတဲ့ အတွေးလေးနဲ့ ကျွန်မအပြင်ကိုပဲ ငေးကြည့်နေမိတယ်။
ကားသွားရာလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ စကစ ဂိတ်တွေမှာ ယာဥ်မောင်းကရပ်ပေးရတယ်။ အဲ့ဒီမှာ ယာဥ်အကူရဲ့ အသံကိုစကြားရပြီ “ကားပေါ်မှာရှိတဲ့ သက်ကြီးရွယ်အိုတွေ ကလေးအမေတွေနဲ့ ကလေးတွေကလွဲပြီး ကျန်တဲ့သူတွေ ကိုယ့်မှတ်ပုံတင်လေးကိုင်ပြီး ကားအောက်ကိုဆင်းပေးပါတဲ့”။
အဲ့တော့ ကျွန်မလည်း မှတ်ပုံတင် လေးကိုင်ပြီးကားပေါ်ကဆင်းခဲ့တယ်။ စိတ်ထဲမှာတော့ စိုးရိမ်စိတ်နဲ့ ကြောက်စိတ်က လွန်စွဲနေတယ် ဘယ်သူအားသာလို့အားသာမှန်းမသိလောက်အောင်ပဲ။ ကားပေါ်ပါလာတဲ့ အမျိုးသားတွေကိုတော့ “စကစ ခန္ဓာကိုယ်အနှံ့ လိုက်ရှာတယ် မှတ်ပုံတင်ကို ဖင်တပြန် ခေါင်းတပြန်စစ်တယ် ဘယ်ကလာတာလဲ ဘယ်သွားမှာလဲ ဘာလုပ်မှာလဲ” စသဖြင့်ပေါ့။
နောက်ပြီးတော့ အမျိုးသမီးငယ်လေးတွေကို မေးတဲ့အလှည့်ရောက်လာတယ် ထိုနည်း၄င်းကောင်းပဲ သူတို့မေးတယ်။ ဒီလိုနဲ့ကျွန်မအလှည့်ရောက်လာခဲ့တယ် သူတို့အနားရောက်တော့ အရင်ရမိတာက “ထောင်းထောင်းထနေတဲ့ အရက်နံ့ နောက်ပြီးတော့နီရဲနေတဲ့မျက်လုံးနဲ့ ကျွန်မကို ခေါင်းအစ ခြေအဆုံးကြည့်ပြီး” ရပြီကားပေါ်တက်လို့ရပြီပြောတော့ ကျွန်မလည်း ကားပေါ်တက်ခဲ့မိတယ်။
ဘာလို့များငါ့ကျတော့ သူများတွေကိုမမေးလဲပေါ့ ဆိုတဲ့အတွေးဝင်မိတယ် “စကစ စစ်မေးတာခံရတဲ့ အမျိုးသမီးတွေကို ကြည့်လိုက်တော့ အရပ်ရှည်ရှည် အသားညိုညို ထောင်ထောင်မောင်းမောင်းတွေ” ဆိုတော့ စိတ်ထဲတယောက်ထဲ တိတ်တိတ်လေးမှတ်ချက်ချမိတယ် “ကျွန်မက သူတို့နဲ့မတူပဲ အကောင်သေးသေး အသားဖြူဖြူ ပိန်ပိန်သေးသေးလေးဆိုတော့ သူတို့ထင်သလိုမဖြစ်နိုင်ဘူး”လို့ စိတ်ထဲမှာ တစ်ယောက်ထဲမေးခွန်းထုတ်လိုက် အဖြေပြန်ပေးလိုက်နဲ့ အလုပ်ရှုပ်နေမိတော့တယ်။
ဘာလိုလိုနဲ့ ထမင်းစားနားတဲ့နေရာရောက်လာခဲ့တယ်။ တယောက်ထဲပဲ ခပ်သွက်သွက်လေး စားချင်တဲ့ဟင်းကို မှာပြီးစားလိုက်တယ်။ ပိုက်ဆံရှင်းပြီး ရေသန့်ဘူးလေး ကိုင်ထားပြီး ကားနားမှာပဲစောင့်နေမိတယ်။ တစ်ယောက်ထဲ သွားရတဲ့ခရီးက အထီးကျန်လိုက်တာလို့ တွေးမိတယ်။ စိတ်ထဲမှာဝမ်းနည်းလာပြီး မျက်ရည်လေးတွေ ဝဲသွားမိတယ်။ “နင်ဘာလို့အဲ့လောက် ပျော့ညံ့ရတာလဲလို့ ကိုယ့်ကိုကိုယ်ဒေါသထွက်မိတယ်” စိတ်ကိုပြန်တင်းရင်းနဲ့ပဲ ကားပေါ်တက်ရင်း ခရီးဆက်ခဲ့တယ်။
နောက်ထပ် စကစ ဂိတ်တခုရောက်တော့ “ထုံးစံအတိုင်းကားပေါ်ကလူတွေဆင်းပေးရတာပေါ့” ကံကောင်းချင်တော့ ကျွန်မကို “ယာဥ်အကူက ညီမလေးဆင်းစရာမလိုဘူးတဲ့ ပြန်ထိုင်နေလိုက်တဲ့” ကျွန်မအံ့သြသွားတယ် ဒါပေမယ့် တုန့်ပြန်တဲ့စကားမထွက်ပဲ ပြန်ထိုင်နေမိလိုက်တယ်။
ဒီလိုနဲ့ပဲ ကားပေါ်မှာ မှေးခနဲခဏအိပ်ပျော်သွားတယ်။ ကားပေါ်ကို ဖိနပ်သံကြမ်းကြမ်းကို လူနှစ်ယောက် တက်လာတဲ့အသံကြားမိတော့ ကျွန်မမျက်လုံးဖွင့်ကြည့်မိလိုက်တယ်။ မူးရူးနေတဲ့ စကစ ၂ ယောက် သေနတ်ကိုင်ထားပြီး ကားပေါ်ပါလာတဲ့သူတွေကို သူတို့လက်ထဲက ဖုန်းနဲ့ မျက်နှာတွေ တိုက်ကြည့်နေတာကို မြင်ရတယ်။
သူတို့တွေ ကျွန်မနားကိုရောက်လာတော့ “ကျွန်မကို mask ချွတ်ခိုင်းတယ်။ မှတ်ပုံတင် တောင်းကြည့်တယ်။ သူတို့ဖုန်းထဲကိုကြည့်လိုက် ကျွန်မကိုကြည့်လိုက်လုပ်နေတယ်” သူတို့ရှာနေတဲ့ သူမဟုတ်တော့မှ လူကို “ခေါင်းအစခြေအဆုံးကို မူးရူးနေတဲ့မျက်လုံးရွဲကြီးတွေနဲ့ ကြည့်ပြီး ပြီတီတီပြုံးပြီး ကားပေါ်က ဆင်းသွားတယ်” အဲ့အချိန်မှာ ဒေါသထွက်ရုံမှလွဲပြီးတော့ ဘာမှမတတ်နိုင်ဘူး ။
အဲ့ဒီနေရာမှာ စကစ မဟုတ်တဲ့ သာမာန် အမျိုးသား တစ်ယောက်သာဆိုရင် ကျွန်မလက်ထဲမှာရှိနေတဲ့ ပစ္စည်းတွေနဲ့ ပြီတီတီလုပ်တဲ့ သူရဲ့မျက်နှာကို ရှိသမျှအားအကုန် နဲ့ ရိုက်ချလိုက်မိမှာ အသေအချာပဲ။ သို့ပေမယ့် လူသတ်လိုင်စင်ရထားပြီး မူးရူးနေတဲ့ အဲ့ဒီစစ်သားကို ပြန်အော်ခဲ့မိရင်တောင် ကျွန်မဘဝ အဲ့နေရာမှာတင် အဆုံးသတ်သွားနိုင်တဲ့အတွေးကြောင့် အရာအားအလုံးကို သည်းခံကျော်ဖြတ်ခဲ့ရတယ်။
လူသတ်မုဒိမ်းကျင့်တဲ့လုပ်ရပ်တွေနဲ့ နာမည်ကြီးနေတဲ့ စကစ ရဲ့ လက်အောက်ခံတပ်သားတွေဟာ ဒီလိုအပြုအမူထက်ဆိုးတဲ့လုပ်ရပ်တွေကို တစ်ခြားအမျိုးသမီးတွေအပေါ်ကိုလည်း သူတို့ကျူးလွန်မှာ အသေအချာပဲဆိုတာ သူတို့ရဲ့အပြုအမူနဲ့ မျက်နှာကိုကြည့်ရင် သိသာပေါ်လွင်စေတယ်။
ဒီလိုနဲ့ ကားပေါ်ကကျွန်မဆင်းရမယ့် နေရာရောက်လာတော့ ကျွန်မကားပေါ်ကဆင်းလိုက်တယ်။ ကျွန်မအမျိုးသား စီစဥ်ပေးထားတဲ့နေရာမှာ တစ်ညအိပ်ရတယ်။ အဲ့အချိန်မှာ “ဒုန်း …. ဆိုတဲ့ အသံတချက်ကြားရတာနဲ့ တပြိုင်နက် အိမ်ရဲ့သွပ်တွေပါ တဖျပ်ဖျပ်ခပ်သွားတာကြားလိုက်ရတော့” အိပ်ယာက အလူးအလဲထပြီး ဘာဖြစ်တာလဲဆိုပြီး အိမ်မှာရှိတဲ့လူတွေကို မေးကြည့်မိတယ်။
သူတို့ပြောတာက ဒီနေရာမှာဆို ဒါမျိုးတွေကြားရတာရိုးနေပြီတဲ့လေ “စကစ က လက်နက်ကြီးနဲ့ ရမ်းထုနေတာတဲ့” ကိုယ့်အတွက်တော့ ပထမဆုံးကြားရတဲ့အသံဖြစ်လို့ကြောက်နေပေမယ့် သူတို့အတွက်ကတော့ ပုံမှန်ကြားနေကြ အသံဖြစ်နေတယ်တဲ့လေ။ အဲ့အသံတွေကို ရေတွက်ရင်းနဲ့ပဲ ကျွန်မ မှေးခနဲအိမ်ပျော်သွားခဲ့တယ်။
နောက်တနေ့မနက် ၁၀ နာရီလောက်ကျတော့ ဟိုဘက်ကမ်း (ထိုင်းနိုင်ငံဘက်ခြမ်း) ကူးဖို့ ပွဲစားက ကားနဲ့ ကျွန်မကိုလာခေါ်တယ်။ ကျွန်မလာထဲကလွယ်ထားတဲ့ အိတ်လေးတစ်လုံးကိုပိုက်ရင်း သူ့ကားပေါ် လိုက်ခဲ့မိတယ်။ ကျွန်မလည်း သူ့ကိုမမြင်ဖူးသလို သူလည်းကျွန်မကိုမမြင်ဖူးပေမယ့် သူကကျွန်မကို တတွတ်တွတ်မှာတဲ့ စကားသံတွေလိုက်မှတ်ရင်း ကျွန်မစိတ်တွေရှုပ်လာတယ်။
သူဘာတွေပြောလဲဆိုတော့ “နင့်ကိုဘယ်သွားမလဲမေးရင် ဦးလေးဆီအလည်လာတာလို့ဖြေ လမ်းမှာ စကစ ဂိတ် ၂ ခု ကိုဖြတ်ရမယ် ငါအရင်ဖြေမယ် နင်ကနောက်ကလိုက်ဖြေ ဟိုဘက်ကမ်းကူးမယ်လို့ မပြောမိစေနဲ့” စသဖြင့်ပေါ့ မကြာပါဘူး သူပြောတဲ့ဂိတ်တခုကိုရောက်လာတော့ “သူက ကားမှန်လေးချပြီး စကစ လက်ထဲ ပိုက်ဆံလေးကိုလိပ်ပြီး ကားပြတင်းပေါက်ကနေပေးလိုက်တယ်” စကစက လက်ဟန်ခြေဟန်နဲ့ သွားဆိုတဲ့ပုံစံကို ပြတော့ ကျွန်မတို့ကားလေးဆက်ထွက်လာခဲ့တယ်။
သူမှာထားတဲ့စကားတွေလည်း စကစ ဂိတ်မှာ ကျွန်မ မပြောလိုက်ရပါဘူး ဂိတ်ရောက်တိုင်းမှာ သူလုပ်ကျ ပုံစံအတိုင်း အသားကျနေသလိုပဲ ပေးပြီးကားမောင်းထွက်လာခဲ့တယ်။ သူပိုက်ဆံဘယ်လောက် ပေးလိုက်ရသလဲ ဆိုတာတော့ ကျွန်မလည်း သေသေချာချာမသိခဲ့ရဘူး။
ဒီလိုနဲ့ကျွန်မပွဲစားအိမ်ကို ရောက်လာခဲ့တယ်။ ကျွန်မကို ကမ်းကူးပေးဖို့ သူတို့ဖုန်းတွေဆက်နေကြတယ်။ ကျွန်မထင်တာကတော့ သူ့အိမ်ကနေ ကျွန်မခနနေရင် ဟိုဘက်ကမ်းကူးရမယ်ပဲထင်ခဲ့မိတာ။ ဒီလိုနဲ့ နေ့ခင်း ရောက်လာတယ် ကျွန်မခုထိသူ့အိမ်မှာပဲရှိသေးတယ်။ ကျွန်မစိုးရိမ်စိတ်တွေက ငယ်ထိပ်ထိ ရောက်လာခဲ့တယ်။
ကျွန်မကို ပွဲစားရဲ့သမီးဖြစ်သူက စကားလာပြောတယ် ။ “ဟဲ့ ကောင်မလေး နင်ကူးရမှာမဟုတ်သေးဘူး တခုခုစားဖို့ ဘာမှာပေးရမလဲ ပိုက်ဆံတော့နင်ပေးရမှာနော်” ဆိုတော့ ကျွန်မ မေးမိတယ် “ကျွန်မဘယ်အချိန်လောက်ကူးရမလဲ” မေးတော့ သူကပြန်ဖြေတယ် “အေး နင်ကူးရမယ်ဆို ငါလာပြောမယ်တဲ့ နင်စားဖို့ဘာမှာမှာလဲ မမှာရင်ငါသွားတော့မယ် အလုပ်ရှုပ်နေတယ် မအားဘူး” ဆိုတော့ “မမှာတော့ဘူးတခွန်းပဲ” ကျွန်မ ပြန်ဖြေလိုက်တယ်။
ကျွန်မမရောက်ဖူးတဲ့နေရာ၊ နောက်ပြီးတော့ ကျွန်မနဲ့သိတဲ့သူတွေလည်း ဟုတ်မနေတော့ စိုးရိမ်စိတ် တွေက ကြီးစိုးလာခဲ့တယ်။ “ငါရောင်းစားခံရတော့မှာလား၊ ငါ့ကိုများ စကစ လက်ထဲအပ်ပြီး သူတို့ ပိုက်ဆံယူကြတော့မှာလား”ဆိုတဲ့ အတွေးတွေနဲ့ ဆောက်တည်ရာမရဖြစ်ခဲ့တယ်။ ကျလာတဲ့ မျက်ရည်တွေကို သုတ်ရင်းနဲ့ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုတဲ့အတွေးနဲ့ ပြန်ရပ်တည်ခဲ့တယ်။
ဒီလိုနဲ့ ညနေ ၆ နာရီရောက်လာတော့ နောက်ထပ်ကားတစ်စီးနဲ့ လူ (၈) ယောက်လောက် ရောက်လာတယ်။ ကျွန်မကို လာခေါ်တဲ့ပွဲစားလူကြီးကပဲ သူတို့ကိုခေါ်လာခဲ့တယ်။ “နင်တို့ရေချိုး စရာရှိတာချိုး စားစရာရှိတာစား မှာချင်တာရှိတာမှာဆိုပြီးတော့ ပြောစရာရှိတာပြောပြီး” သူ့အိမ်ရှေ့က အသံပေါင်းစုံဆူညံနေတဲ့ နေရာထဲကိုဝင်သွားတယ်။ ဘာလဲပေါ့သိချင်စိတ်က များလာပေမယ့် ခနသည်းခံနေလိုက်တယ်။
နေ့ခင်းကလာသွားတဲ့ ပွဲစားသမီးဆိုတဲ့ အမကြီးက ရောက်လာတယ်။ “ဟဲ့ ကောင်မလေး နင်အခုထိဘာမှ မစားရသေးဘူးမှတ်လား ဗိုက်မဆာဘူးလား” မေးတော့ “မဆာဘူးပဲ” ကျွန်မပြန်ဖြေလိုက်တယ်။ နင် ငါ့အိမ်လိုက်ခဲ့ ဒီမှာလူများလာပြီ ပြောတော့ ကျွန်မအိတ်လေးလွယ်လိုက်မိတယ်။
ကျွန်မရှိနေတဲ့ခြံထဲက ခေါင်းရင်းဘက်မှာ သစ်သားအိမ်လေးတလုံးကို သူညွှန်ပြတော့ ကျွန်မ သူ့နောက်လိုက်ခဲ့မိတယ်။ သူ့အိမ်ရောက်တော့ ကလေးနှစ်ယောက်တွေ့တယ် သမီးလေးတစ်ယောက် သားလေးတစ်ယောက် “ကျွန်မကိုမြင်တော့ သူတို့နှစ်ယောက် အခန်းထဲကို ဝင်သွားတယ်” ပွဲစားရဲ့သမီးဆိုသူက ကျွန်မကို စကားစပြောလာတယ် “နင်က ဟိုဘက်ကမ်းကို အလုပ်သွားလုပ်မယ့် သူနဲ့တော့မတူဘူး ဘာသွားလုပ်မလို့လဲမေးတော့” ကျွန်မ အမျိုးသားဆီသွားမှာလို့ ဖြေလိုက်တယ်။ သူမေးလာတဲ့နောက်ထပ်မေးခွန်းတွေကိုတော့ မဖြေမိပဲ နှုတ်ဆိတ်နေမိတယ်။ သူလည်းကျွန်မကို ထပ်မမေးတော့ပါဘူး….
ည (၈) နာရီလောက်ရောက်တော့ ကျွန်မမေးမိတယ် ကျွန်မဘယ်ချိန်ကမ်းကူးရမှာလဲပေါ့ သူက ထမင်းတလုပ်ပါးစပ်ထဲထိုးထည့်ရင်းပြန်ဖြေတယ် “ည ၂ နာရီလောက်ကူးရမယ်တဲ့ ဟိုမှာတွေ့လားတဲ့ သူညွှန်ပြတဲ့ဘက်ကို ကျွန်မလှည့်ကြည့်မိလိုက်တယ်”….အပေါ်အမဲ အောက်အမဲ ဝတ်ထားတဲ့ လူတစ်ယောက်ကိုတွေ့တယ် ကျွန်မ ခေါင်းပဲ တစ်ချက်ငြိမ့်ပြလိုက်တယ်။
ပွဲစားရဲ့သမီးဆိုသူက ကျွန်မကို သူ့ဘေးမှာအိပ်ခိုင်းတယ် ကျွန်မဖုန်းအားသွင်းဖို့ အကူအညီတောင်းတော့ သူသွင်းပေးတယ်။ ကျွန်မသိချင်တဲ့မေးခွန်းကို သူ့ကိုမေးမိတယ် “အမ ည ၁၀ နာရီ ထိုးပြီ အဲ့အရှေ့က အခုထိဆူညံနေတာ ဘာလဲ? ညမထွက်ရအမိန့်တွေဘာတွေမရှိဘူးလား” မေးတော့ သူကရယ်ပြီး ပြန်ဖြေတယ် ကျွန်မကို “အဲ့တာ အန်ဂလုံဝိုင်းတဲ့ ညမထွက်ရတွေဘာတွေတော့ ငါမသိဘူး နင်မြင်တယ် မှတ်လား အဲ့မှာလူတွေစည်ကားနေတာ” သူပြောသလိုပဲ ဟုတ်ပါတယ် လူတွေစည်ကားနေတာ ပွဲတော်တခုအလား အောက်မေ့ရတယ်။
ဒီလိုနဲ့ဆူညံနေတဲ့အသံတွေကြားကပဲ မှေးခနဲအိပ်ပျော်သွားတယ် “လမ်းလျှောက်တဲ့အသံကြားတော့ မျက်လုံးဖွင့်မိတယ်” ပွဲစားရဲ့သမီးဆိုသူက “ကောင်မလေးထတော့တဲ့ ကမ်းကူးရတော့မယ် ဆိုတော့” အိပ်ချင်မူးတူးနဲ့ ကျွန်မ အိတ်လေးထလွယ်မိတယ်။
အဲ့မှာ အသံခပ်အုပ်အုပ်လေးထွက်ပြီး ပွဲစားလူကြီးက တစ်ယောက်ချင်းစီလိုက်မှာနေတယ် “အရှေ့က သူနောက်ကိုလိုက် ဘာမှပြန်မမေးနဲ့ စကားမပြောနဲ့ အသံမထွက်နဲ့ ချောင်းတောင်မဆိုးနဲ့ ဖုန်းမီးမဖွင့်နဲ့ ဖုန်းမဖွင့်နဲ့” စသဖြင့်သူမှာတယ် သူ့စကားအဆုံးမှာ တန်းစီပြီးထွက်ရတယ်။ ည ၂ နာရီ လူတွေအိပ်လို့ ကောင်းပြီး ညဘက်အေးနေတဲ့ အချိန်မှာ ကျွန်မကတော့ ချွေးသံတရွှဲရွှဲနဲ့ ရှေ့ကလူနောက်ကို အမှီလိုက်ရတယ်။
ညကမှောင်မဲပြီးမီးလည်းမမြင်ရတော့ ဟိုးရှေ့ကလူကိုမမြင်ရဘူး မြင်ရတာဆိုလို့ ကို့ရှေ့ လက်တစ်ကန်းက လူရဲ့ကျောကိုရေးတေးတေးမြင်ရတယ်။ ရှေ့ကလူနင်းတဲ့နေရာကို လိုက်နင်း ရတယ်။ ကျူပင်လား မြက်ပင်လား မသဲကွဲတဲ့ ကျွန်မ အရပ်လောက်ရှိတဲ့ အပင်တွေကြားထဲမှာ မောဟိုက်နေပေမယ့် ကျန်နေခဲ့မှာ ကြောက်တဲ့စိတ်နဲ့ အားကုန်သွားနေခဲ့မိတယ်။
ခန့်မှန်းခြေ နာရီဝက်ကျော်ကျော် လမ်းလျှောက်ပြီးတော့ ရေစီးနေတဲ့အသံစကြားရတယ်။ အဲ့မှာ လူအကုန်ထိုင်ချရတယ်။ ရေထဲမှာ ကောင်လေးတွေကဆင်းပြီး အဝတ်လျော်တဲ့ဇလားထက်ကြီးတဲ့ ကော်ဇလားတခုကို ရင်ဘက်မှာ တစ်ယောက်ကပိုက်ထားတယ်။ တစ်ယောက်က ပခုံးနဲ့ထမ်းထားတယ်။ ဇလားအပေါ်မှာတော့ နှစ်ယောက်တွဲ မျက်နှာချင်းဆိုင် ထိုင်ရတယ်။ ကိုယ့်အထုတ်လေး ကိုယ်ပိုက်ထားပြီးတော့နေရတယ်။
ဟိုဘက်ကမ်းကထိုးတဲ့ မီးအလင်းရောင်ကိုရှောင်ရင်း ကမ်းနဘေးကနေ အပင်တွေနဲ့ကွယ်ရင်း ရေထဲက လူတစ်ယောက်က ကျွန်မတို့ကိုဆွဲခေါ်သွားတယ်။ “ညဘက်မှာအော်တဲ့ အကောင်လေးတွေအသံ၊ စီးဆင်းနေတဲ့ရေစီးရဲ့အသံ နောက်ပြီးတော့ ကောင်းကင်ကို မော့ကြည့်မိတော့ ကြယ်လေးတွေက အပြည့်” ရှိနေပေမယ့် ဒီအရာတွေဟာ ကျွန်မအတွက် မလှပနိုင်ခဲ့ဘူး။
ကျွန်မရဲ့အတွေးထဲမှာ ငယ်ငယ်ကကြည့်ဖူးတဲ့ ရုပ်ရှင်ကားတခုကိုပြန်ပြီးမြင်ယောင်လာမိတယ်။ ကျွန်မတို့ “မြန်မာ အမျိုးသမီးတွေ လူကုန်ကူးခံရတာ၊ တစ်ခြားနိုင်ငံကို ရောင်းစားခံရတဲ့” ရုပ်ရှင်တွေမှာ မြင်ရတဲ့ မြင်ကွင်းမျိုးကို ကျွန်မလက်တွေ့ နဖူးတွေ့ဒူးတွေ့ကြုံတွေ့နေရတာကို သတိရမိတယ်။
တွေးနေတဲ့အတွေးတဆကို ကျွန်မမြန်မြန်ဆန်ဆန် ဖြတ်လိုက်မိတယ်။ ရေထဲကနေကျော်လွန်ပြီးတော့ ကမ်းနားမှာရှိတဲ့ တောင်ကုန်းတစ်ခုကို ဖက်တက်ရတယ်။ ကျွန်မစိတ်ထဲတော့ ထင်လိုက်မိတယ် ဒီဘက် ကမ်းအစပ်တော့ ရောက်လောက်ပြီလို့ ထင်တဲ့အတိုင်းပဲ ရေထဲကနေဆွဲပေးတဲ့သူတွေက ရေထဲကနေ ပြန်သွားတယ်။ ကမ်းအပေါ်မှာ လူကြီးတစ်ယောက်စောင့်နေတယ် ကျွန်မတို့ သူ့နောက်ဆက် လိုက်သွားရတယ်။
သူ့အိမ်လို့ထင်ရတဲ့ နေရာတစ်ခုကိုရောက်ဖို့ ကျွန်မတို့ မိနစ် ၂၀ လောက်လမ်းလျှောက်ရတယ်။ သူ့အိမ်ရောက်တော့ ဖယောင်းတိုင်လေးထွန်းပေးတယ်။ ကျွန်မနဲ့အပါအဝင် လူ (၉) ယောက်စလုံး ရွှံတွေပေပြီး မောဟိုက်နေတဲ့ ပုံစံတွေနဲ့ ခြေပစ်လက်ပစ် အောက်မှာထိုင်ချမိတယ်။
ဖြစ်ချင်တော့ ကုန်းပေါ်ကို တွယ်တက်တဲ့အချိန်မှာ ချော်လဲခဲ့တော့ ကျွန်မမှာ ဖိနပ်တစ်ဖက်က ပါမလာခဲ့ဘူး။ နွံထဲမှာ တစ်ဖက် နစ်နေခဲ့တယ်။ လမ်းတစ်လျှောက်လုံး ဖိနပ်မပါပဲလာခဲ့ရတော့ ခြေထောက်တွေစုတ်ပြတ်နေပြီး ကျိမ်းစပ်ပြီးနာလာတယ် ဒူးလဲပွန်းလာတယ်။ လက်ထဲက ဖုန်းလဲမှန် ကွဲလာတယ်။ နာရီကိုမော့ ကြည့်လိုက်တော့ မနက် ၃ နာရီခွဲနေပြီး။ လာခေါ်တဲ့ အိမ်ရှင်ဦးလေးကြီးက ကျွန်မကိုမြင်တော့ အပြင်ထွက်သွားတယ်။ သူပြန်လာတော့ ကျွန်မဖိနပ်တစ်ဖက် သူ့လက်ထဲ ပါလာခဲ့တယ်။
အဲ့ဦးလေးကြီးအိမ်မှာပဲ ပေလာတဲ့ရွှံတွေကို ရေဆေးသန့်စင်တယ် ပန်ကာလေးဖွင့်ပေးထားတယ် လျှပ်စစ်မီးမထွန်း ပေးပေမယ့် ဖယောင်းတိုင်လေးတစ်တိုင် သူထွန်းပေးလို့ မှုန်ပြပြလေးမြင်ရတယ်။ ဦးလေးကြီးအပြောအရတော့ “မနက် ၆ နာရီထိုးရင် ကားတစ်စီးလာခေါ်လိမ့်မယ် လိုက်သွားရမယ်တဲ့” လေ။ တစ်ကိုယ်လုံး နာကျင်နေပြီးတော့ မျက်စိတွေ ကျိမ်းစပ်လာပေမယ့် ကျွန်မအိပ်မပျော်ခဲ့ဘူး ခုံလေးမှာပဲ တစ်ယောက်ထဲထိုင်နေမိတယ်။ ကျွန်မနဲ့အတူ ကမ်းကူးလာတဲ့သူတွေကိုကြည့်လိုက်တော့ သူတို့အိပ်ကုန်ကြပြီ။
ဦးလေးကြီးပြောတဲ့အတိုင်း မနက် (၆) နာရီထိုးတော့ ကားတစ်စီးလာခေါ်တော့ သူတို့နဲ့အတူ လိုက်ခဲ့ရတယ်။ မနက် ၇ နာရီထိုးခါနီးတော့ ကျွန်မအမျိုးသားနေတဲ့အိမ်ရှေ့ကို ရောက်တော့ ကျွန်မအလာကို ထွက်စောင့်နေတဲ့ သူ့မျက်နှာမှာလည်း စိုးရိမ်မှုတွေအပြည့်နဲ့ပေါ့။
ကျွန်မအမျိုးသားနေထိုင်တဲ့ အိမ်ထဲဝင်လိုက်တဲ့အချိန်မှာ (၂) ရက်တာ ဖြတ်သန်းခဲ့ရတဲ့ ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေဟာအဝေးကြီးကို လွင့်ထွက်သွားသလိုခံစားခဲ့ရတယ်။ ကျွန်မနဲ့အတူပါလာတဲ့ အိတ်ကလေးကို အခန်းထဲချရင်း နာရီအနည်းငယ်ကြာသည်အထိ အိပ်ပျော်ခဲ့တယ်။ ကျမနိုးလာတဲ့ အချိန်မှာတော့ နေရာအသစ်တခုမှာ လူသစ် စိတ်သစ်နဲ့ ဘဝသစ်တခုကို ပြန်လည်တည်ဆောက် ရတော့မယ်ဆိုတဲ့အတွေးနဲ့ ပျော်ရွှင်သလိုလို ဝမ်းနည်းသလိုလို ခံစားမိခဲ့ရတယ်။
သူများနိုင်ငံရဲ့နယ်စပ်မြို့လေးက ကျွန်မတို့နိုင်ငံရဲ့ မြို့ပြကြီးတွေထက် အများကြီးဖွံ့ဖြိုးတိုးတက် နေတာကိုမြင်ရတော့ ကျွန်မစိတ်ထဲမှာ ဝမ်းနည်းမိခဲ့တယ်။ ကျွန်မဟာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့သူတယောက်ဖြစ်တဲ့အတွက် ဘယ်နေရာကိုမှ ရဲရဲဝံ့ဝံ့မသွားရဲခဲ့ဘူး။ နယ်စပ်လုံခြုံရေး ရဲတွေကလည်း အမြဲလိုလို ကင်းလှည့်နေတာကြောင့် သူတို့ဖမ်းတာကိုခံရရင် မြန်မာပြည် ပြန်ဖို့ခံရမှာ ကြောက်တဲ့စိတ်နဲ့ ဘယ်ကိုမှမထွက်ရဲပဲ အိမ်ထဲမှာပဲ ကျွန်မရဲ့ဘဝကိုဆက်လက်ဖြတ်သန်းခဲ့ရတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေရဖို့ စောင့်ဆိုင်းခဲ့ပေမယ့် အခုအချိန်ထိတော့ အကူအညီတွေမရရှိခဲ့ဘူး။ ဘဝကို ဘာဆက်လုပ်ပြီး ဖြတ်သန်းရမလဲဆိုတာကိုမသိတဲ့ စိန်ခေါ်မှုတွေနဲ့ အခန်းကျဥ်းလေးထဲမှာပဲ ကိုယ့်ကိုကိုယ် အားပေးနှစ်သိမ့်ရင်းနဲ့ ကျန်ရှိနေသေးတဲ့ဘဝကို ကျွန်မအားတင်း ရင်ဆိုင် ဖြတ်သန်းနေတယ်။
အခြားသူတွေတော့ ဘယ်လိုတွေ ထွက်ပြေးတိမ်းရှောင်ရလဲ ကျွန်မမသိခဲ့ဘူး။ ကျွန်မထက်ဆိုးတဲ့ အခြေအနေတွေကို ကြုံတွေ့ရတဲ့သူတွေလည်း အများကြီးရှိနိုင်တာမို့ ကျွန်မအနေနဲ့ ဒီအခြေအနေကို ခက်ခဲ ပင်ပန်းတယ်လို့ မညည်းရက်ဘူး။ ဒါပေမယ့် ဒီခရီးဟာ ကျွန်မဘဝအတွက်တော့ အဆိုးရွားဆုံးနဲ့ တစ်သက်မမေ့နိုင်တဲ့ ခရီးတခုဖြစ်ခဲ့ပါတယ်။
ဆောင်းပါးရှင် – မေမီမင်းညို