ရေးမြို့နယ်မှာ တစ်ရက်ထဲ အမျိုးသား၂ဦးသတ်ဖြတ်ခံရ

မတ်လ ၁၈ ရက်၊ ၂၀၂၄ခုနှစ်

 

မွန်ပြည်နယ်၊ရေး− သံဖြူဇရပ်လမ်းပိုင်းနေရာတွေမှာပဲတစ်ရက်ထဲအမျိုးသားနှစ်ဦး ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

မတ်လ၁၇ရက်နေ့ မနက်၇နာရီဝန်းကျင်အချိန် ရေး−သံဖြူဇရပ်လမ်းမပေါ်မှာ အသက်၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးလက်ပြန်ကြိုးတုပ်ကာ လည်ပင်းကိုလည်း ဓာနဲ့လှီးဖြတ်ထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

“အဲ့ဒီလူကစိတ်မနှံ့ဘူး အရူးလိုမျိုးပုံစံဆိုပေမဲ့ သူ့ကိုလက်ပြန်ကြိုးတုပ်ထားပြီးတော့ လည်ပင်းကိုလှီးသွားတာ ပြီးတော့သူကလည်း ဒီကမဟုတ်ဘူးဆိုတော့သူနဲ့ပတ်သက်ပြီး ဘာမှသိထားတာတော့မရှိဘူး အခုလိုတစ်ရက်ထဲနှစ်ယောက်သတ်ခံရတာနည်နည်းတော့ထူးဆန်းနေတယ်”လို့သူကပြောပါတယ်။

ဒါ့အပြင်မနက်၁၁နာရီဝန်းကျင်အချိန်မှာလည်း စစ်ကောင်စီတပ်တွေဂိတ်အထိုင်ချခဲ့တဲ့ ကြိုးတံတားစစ်ဆေးဂိတ်နေရာမှာ အသက်၃၀ဝန်းကျင်အရွယ်အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာနဲ့ ထပ်မံသေဆုံတာကိုတွေ့ရှိခဲ့ရသလို အဲ့ဒီအမျိုးသားမှာလည်း စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးဖြစ်ကာ တစ်ခါတစ်ရံ စစ်ဆေးရေးဂိတ်ရှိ ဘန်ကာထဲကိုဝင်ပြီး ပြောက်ကျားစစ်ဝတ်စုံကို ဝတ်ဆင်တာမျိုးတော့ရှိတယ်လို့ နောက်ထပ်ဒေသခံအမျိုသားတစ်ဦးကပြောပါတယ်။

“သူကဒီနယ်ကလူမဟုတ်ဘူး သူဒီကိုရောက်နေတာလည်း သိပ်မကြာသေးဘူး အဲ့ဒီနေရာကအရင်တုန်းက တော်လှန်ရေးတပ်ဖွဲ့တွေဝင်ပစ်ထားတဲ့ကြိုးတံတားနေရာဖြစ်နေတယ်အခုသတ်ခံထိတဲ့နေရာက သူ့ကိုနှစ်ချက်ပစ်သွားတာ ကျောကနေဝင်ပြီးတော့ ရင်ဘက်ကို ကျည်ဖောက်ထွက်တဲ့ ဒဏ်ရာရယ်၊ ပြီးတော့ပါးစောင်ကနေပြီးတော့မှ နားကိုပြန်ဖောက်ထွက်တဲ့ဒဏ်ရာရယ်အဲ့ဒီသူက တစ်ခါတစ်လေ အရင်တုန်းကစစ်ဆေးရေးဂိတ်လုပ်ထားတော့အဲ့ဒီဘန်ကာထဲဝင်ပြီးချမ်းတဲ့အခါကျရင်စစ်ဝတ်စုံကို ဝတ်ပြီးတော့လမ်းထဲမှာလိုက်လျှောက်လစ်နေတယ်သူသေသွားတဲ့အချိန်ကျတော့ယူနီဖောင်းဝတ်ထားတာတော့မရှိဘူး အရပ်ဝတ်နဲ့ပဲသေနေတာ”လို့သူကဆိုပါတယ်။

သတ်ဖြတ်ခံခဲ့ရတဲ့အမျိုးသား၂ဦးလုံးဟာစိတ်ကျန်းမာရေးမကောင်းသူတွေဖြစ်သလို သတ်ဖြတ်ခံထားရတဲ့ နေရာတွေမှာလည်း အနည်းငယ်သာကွာဝေးကာ ဘယ်သူဘယ်ဝါလုပ်ဆောင်ခဲ့လည်းဆိုတာကိုတော့ အတိအကျမသိရှိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

အခု၂၀၂၃ခုနှစ်တစ်နှစ်အတွင်းရေးမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်သတင်းပေးသူတွေ၊ပျူစောထီးတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေမှာ မကြာခဏပစ်ခတ်ရှင်းလင်းခံနေကြောင့် သေဆုံးသူမှာ ၁၀ဦးထပ်မနည်းရှိနေပြီး အခုလို စိတ်ကျန်းမာရေးမကောင်းသူတွေသတ်ဖြတ်ခံရတဲ့ဖြစ်စဉ်မျိုးတော့မရှိခဲ့ဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than (People’s Radio Myanmar)