စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

မတ်လ ၂၇ရက် ၂၀၂၄ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာနဲ့ အနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ပြုလုပ်နေတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မတ်လ ၂၆ရက်နေ့က ကော့ဘိန်း၊ကော့ပေါက်၊ တရာဏာ၊နောင်ထပ္ပံနဲ့ မြပတိုင်ကျေးရွာဘက်တွေကို စစ်တပ်က တစ်နေကုန် လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထပ်မနည်းပြုလုပ်ခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံ ၆ ဦးထပ်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်လွတ်မြောက်ရေးတပ်တော်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“စစ်ဘေးရှောင်တဲ့နေရာမျိုးတွေ ကို သူတို့အဓိကထားတယ်၊ အထူးသဖြင့် ဘုန်းကြီးကျောင်းလိုမျိုးပေါ့၊ အနည်းဆုံး မနေ့ကတစ်ရက်တည်းကို ၆ ယောက်လောက်ထိတယ် ၊ ပစ်တာကနေရာစုံတယ်ဗျ၊” လို့ သူက ပြောပါတယ်။

ဒါ့အပြင် မတ်လ ၂၆ ရက်နေ့ နေ့လည် ၂ နာရီလောက်ကလည်း စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ဘိန်းကျေးရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ လေကြောင်းကနေလည်း ပစ်တယ်၊ ဂျိုင်းမြစ်ထဲက စစ်သင်္ဘောနဲ့လည်း လက်နက်ကြီးပစ်တယ်၊ မနေ့ကလည်း လက်နက်ကြီးရွာထဲကျပြီး ကလေးနှစ်ယောက်ထိသွားတယ်၊ ဒဏ်ရာတွေက မစိုးရိမ်ရဘူး၊ အစထိတာဘဲ၊” လို့ တရာဏာဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် ကော့ဘိန်းကျေးရွာအနီးတစ်ဝိုက်မှာ စစ်ရေးအခြေအနေတင်းမာနေဆဲ ဖြစ်တာကြောင့် ထိခိုက်ဒဏ်ရာရရှိတာ မည်သူမည်ဝါဖြစ်တယ်ဆိုတာတော့ ကျွန်တော်တို့ People’s Radio Myanmar  အနေနဲ့ အတည်ပြုနိုင်တာ မရှိသေးပါဘူး။

ကရင်ပြည်နယ်ထဲက ကော့ကရိတ်၊မြဝတီ၊ဖာပွန်နဲ့ ကျိုက်ဒုံမြို့နယ်ဘက်တွေမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံနေအိမ်ပျက်စီးတာ၊ လူထိခိုက်ဒဏ်ရာရတာတွေ မြင့်တက်လာတယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-Social Media

Phar Si Than(People’s Radio Myanmar)