“အာဏာရှင်ခေတ် ကုန်စျေးနှုန်းမြင့်တက်ခြင်းရဲ့ နောက်ကွယ်”

“အာဏာရှင်ခေတ် ကုန်စျေးနှုန်းမြင့်တက်ခြင်းရဲ့ နောက်ကွယ်”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျွန်မတို့ရဲ့ တိုင်းပြည်ဟာ တိုးတက်မလာပဲ ဆုတ်ယုတ်သွားတယ်။ အာဏာရှင်ခေတ်မှာ တိုးတက်နေတာaဆိုလို့ တစ်ခုပဲရှိတယ် ဘာလဲသိလား………အဲ့ဒါဟာ “ကုန်စျေးနှုန်းပဲ”

အခုလက်ရှိ ကျွန်မတို့ကြုံတွေ့နေရတာက အလုပ်အကိုင်ရှားပါးမှုပြဿနာ နောက်ပြီးတော့ လုပ်ခလစာက တိုးမလာခင် ကုန်စျေးနှုန်းက အရင်တက်လာတာ။ အဲ့တာကိုမဖြေရှင်းနိုင်သ၍ ပြည်သူကတော့ လုံးလည်ချာလည် လိုက်နေဦးမှာပဲ။

အရင်က အိမ်မှာလူတစ်ယောက်အလုပ်လုပ်ရင် တမိသားစုလုံးထိုင်စားလို့ရတယ်။ အခုခေတ်မှာက တစ်အိမ်လုံး အလုပ်လုပ်ရင်တောင် ထမင်းမငတ်ရုံတမယ်ပဲရှိတဲ့ ပြည်သူဟာ စစ်အာဏာရှင်ရဲ့လက်အောက်မှာ ဒုက္ခပေါင်းစုံကို ခါးစီးခံနေကြရတယ်။

ကျွန်မတို့မိသားစုဆိုရင် ညီအစ်မ (၃) ယောက်လုံးအလုပ်လုပ်တာတောင် နေနိုင်စားနိုင်ရုံလေးပဲရှိတယ်။ ပြေလည်တယ်လို့တော့ ပြောလို့မရဘူး သူများဆီမချေးမဌားရရုံလေးကျန်တော့တာ။ အိမ်မှာကအမေနဲ့ ညီမအငယ်လေးက နာတာရှည်ရောဂါခံစားနေရတဲ့သူဆိုတော့ သူတို့အတွက်ဆေးဖိုးပါ မနည်းရုန်းကန်ရှာရတယ်။

အဆာပြေအသုတ်တပွဲ ၁၀၀၀ ကျပ်၊ လက်ဖက်ရည်တခွက် ၁၅၀၀ ကျပ်ဖြစ်နေတဲ့ခေတ်မှာ လက်ထဲပိုက်ဆံ တစ်သောင်းပါသွားရုံနဲ့ စျေးခြင်းထဲ ဘာမှကိုမပါလာဘူး။ ဒီနေ့စျေးဝယ် စျေးနှုန်းတမျိုး နောက်နေ့စျေးဝယ် နောက်တမျိုး အရင်နေ့ကစျေးနှုန်းနဲ့လာမယှဥ်နဲ့ ဘာမှကိုမဆိုင်တော့တာ…

အိမ်မှာတနေ့တနေ့စျေးသွားရတဲ့ အမေကတော့ ငြီးတွားရှာတယ် “အခုဆိုရင် ကုန်စျေးနှုန်းက ဘာဝယ်ဝယ် အရင်ကထက် ၃ ဆကျော်လောက်တက်နေတော့” လက်ထဲရှိတဲ့ပိုက်ဆံလေးနဲ့ ဟင်းတခွက်ရဖို့” စျေးကို ခြေတိုအောင် အခေါက်အခေါက်အခါခါ ပတ်ရတော့တယ်တဲ့လေ”

အာဏာသိမ်းနှစ်နှစ်ကျော်ကာလလေးအတွင်းမှာ “အရင်ကဆန်ကြမ်းတစ်အိတ် ၅၀,၀၀၀ တန်က အခုဆို ၉၀,၀၀၀ ကျော်နေပြီ” ကိုယ့်နိုင်ငံကထွက်တဲ့ဆန်တောင် စျေးကြီးပေးပြီးစားနေရတယ်။ ကျွန်မတို့အိမ်ဆိုရင် ဆန်အိတ်လိုက် ဝယ်မစားနိုင်လို့ တစ်ခါဝယ် ဆယ်ပြည်နှုန်းနဲ့ပဲ ဝယ်စားနေရတယ်။

အခုဆိုရင် စားအုန်းဆီ တစ်ပိသာကို ၈၄၀၀ ကျပ်ဖြစ်နေပြီ ပဲဆီဆို အနားကပ်နိုင်တဲ့အခြေအနေမရှိလို့ စျေးနှုန်းတောင် သွားမမေးဖြစ်တော့ဘူး။ ပဲဆီနဲ့ကိုယ်နဲ့ဆိုတာမဆိုင်တော့သလိုတောင်ဖြစ်နေပြီ။ တတ်နိုင်တာလေးနဲ့ပဲ မိသားစုဝမ်းရေးကို အဆင်ပြေသလိုဖြေသိမ့်ရတယ်။ ကျွန်မ “မိသားစု ထမင်းနပ်မှန်အောင် စားနိုင်ဖို့ကအဓိက” မှတ်လား ကျန်တာ မလိုပါဘူးလို့ပဲ စိတ်ထဲတွေးထား လိုက်မိတယ်။

အစအစအရာရာ ကုန်စျေးနှုန်းကြီးနေတဲ့ခေတ်မှာ မိန်းကလေးတွေရဲ့ တစ်လတစ်ခါ မဖြစ်မနေသုံးရတဲ့ မိန်းကလေးလစဥ်သုံးပစ္စည်းတောင် အရင်က “၄၀၀ တန်က အခုဆို ၁၆၀၀ နီးပါး” ဖြစ်နေလို့ အမျိုးအမည်တံဆိပ် အများကြီးရွေးမသုံးနိုင်တော့ဘူး။ စျေးအနည်းဆုံးဖြစ်မယ့် ပစ္စည်းတံဆိပ်ကိုပဲ ရွေးသုံးဖြစ်တော့တယ်။

အရင်ကဆိုရင် အိမ်စရိတ်က တစ်လ တစ်သိန်းခွဲဆိုရင် လောက်တယ်။ အခုက တစ်လ နှစ်သိန်းခွဲတောင် မလောက် တော့တဲ့အခြေအနေဖြစ်နေပြီ။ အလုပ်ရှင်တွေက လုပ်ခလစာတော့တိုးပေးပါတယ်။ ဒါပေမယ့် တိုးမလောက်တဲ့ အခြေအနေမို့ လကုန်မှာတောင် တွေးပြီးကြောက်မိတယ်။

ဒီလိုတွေဖြစ်နေတာ ခက်ခဲနေတာက ကိုယ်တယောက်ထဲ ကိုယ့်မိသားစုတစ်ခုထဲ ဖြစ်နေတာမဟုတ်ဘူးလေ။ တိုင်းပြည်တစ်ခုလုံးဖြစ်နေတာ။ ကိုယ့်ထက်ဆိုးတဲ့မိသားစုတွေဆို ထမင်းတောင်နပ်မှန်အောင်မစားရတော့ပဲ လျှော့စားနေရတဲ့သူတွေ အများကြီးရှိလာနေပြီ။

ကျွန်မအလုပ်ကိစ္စနဲ့ အပြင်သွားရတဲ့အခါမျိုးမှာဆို လမ်းဘေးတွေမှာ “တောင်းစားနေရတဲ့ကလေးတွေ အရင်ကထက် ပိုများလာတာ” ကို တွေ့ရတယ်။ အထူးသဖြင့် “မီးပွိုင့်တွေနဲ့ ဂုံးတံတားအောက်တွေမှာဆို” အဆိုးဆုံးပဲ “ကလေးတွေက လမ်းဘေး ပလက်ဖောင်းတွေပေါ်မှာ ဗိုက်ပူနံကားလေးတွေ” နဲ့ လဲနေတာလား အိပ်နေတာလား မသဲကွဲတော့ဘူး။ ဒီမြင်ကွင်းတွေကိုမြင်ရင် တိုင်းပြည်အခြေအနေကို ဆုတ်ယုတ်အောင်လုပ်တဲ့ စစ်အာဏာရှင်တွေကိုပဲ ကျိန်ဆဲနေမိတယ်။

ရန်ကုန်မှာဆို နာမည်ကြီးစျေးတွေဖြစ်တဲ့ “ညစျေး တို့ ဂွစျေးတို့” ရဲ့ လမ်းဘေးမုန့်ဆိုင်တွေမှာ မုန့်ထိုင်စားရင် အရင်ကဆို ကလေးတွေက ဘေးမှာမတ်တပ်ရပ်ပြီးလာတောင်းကြတယ်။ အခုအဲ့ကလေးတွေက တောင်းရုံတင်မဟုတ်ဘူး “ကိုယ်စားနေတဲ့ ပန်းကန်ထဲကို လက်နှိုက်ပြီး လာလုစားတာတွေ” ကြုံရမြင်ရတော့ အပြင်ထွက်ရမှာတောင် လန့်လာတဲ့အခြေအနေတွေ ဖြစ်နေပြီ။

တိုင်းပြည်ရဲ့လူတန်းစားတချို့ ထမင်းနပ်မှန်အောင် မစားနိုင်တော့တဲ့အခြေအနေမှာ လူတချို့ရဲ့ “စိန်ရတနာ တွေရောင်းတဲ့ Live Sale မှာတော့ လူတချို့က အလုအယက်နဲ့ဝယ်နေလေရဲ့”။ ပိုက်ဆံရှိတဲ့သူတွေက ရှိပြီးရင်ရှိလာသလို ဆင်းရဲတဲ့လူတန်းစားတချို့ကတော့ စားနေကျထမင်းပန်းကန် လေးတောင် ပျောက်နေကြပြီ။

ဒီလိုသာ ကုန်စျေးနှုန်းထပ်မြင့်နေဦးမယ်ဆိုရင် “ကြာလာရင် ကျွန်မတို့လို အခြေခံလူတန်းစားတချို့ တိုင်းပြည်ကနေ ပျောက်သွားလိမ့်မယ်”လို့ ကျွန်မတွေးမိတယ်။ ဒါတွေအပြင် အခုထက်ပိုပြီး ခိုးဆိုးလုယက်တွေ ပေါလာရင် မသေသင့်တဲ့အသက်တွေ ထပ်ပြီးသေကြေကြရဦးမှာပဲ။

အခုအချိန်မှာ “မအလသာ အာဏာပြန်ပေးရင်တောင်” တိုင်းပြည်အခြေအနေက လွယ်လွယ်နဲ့ အရင်လိုပြန်ပြီး မရပ်တည်နိုင်တော့ဘူး။ “ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုတဲ့ လူတန်းစားတွေ ရှိနေသ၍ တိုင်းပြည်က ဒီ့ထက်ပိုပြီးမွဲနေဦးမှာပဲ။

ကိုယ့်တိုင်းပြည်မှာ ရပ်တည်လို့မရတော့တဲ့အခြေအနေကြောင့် လူငယ်တွေတော်တော်များများဟာ တိုင်းပြည် ထဲကနေ နည်းမျိုးစုံနဲ့ထွက်လာကြတယ်။  “တိုင်းတပါးမှာ သူတို့နိုင်ငံသားတွေမလုပ်ချင်တဲ့ အလုပ်ကိုလုပ်ရင်း ကျွန်ဘဝ” ကို မိသားစုစားဝတ်နေရေးအတွက် သွားပြီးရုန်းကန်ကြတယ်။ ဒီလိုသာတိုင်းပြည်စီးပွားရေးအခြေအနေ ထပ်ဆိုးလာရင်တော့ “ကျွန်မလည်း အဲ့လိုလူတွေထဲက တယောက်” အပါအဝင် ဖြစ်သွားနိုင်တယ်။