သရက်ချောင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသတော်လှန်ရေးတပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်

ဧပြီလ ၂၈ရက်နေ့၊ ၂၀၂၄ခုနစ်

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသတော်လှန်ရေးတပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။

ဧပြီလ ၂၃ရက်နေ့မှာ သရက်ချောင်းမြို့ဘက်ကနေ အင်အား ၁၀၀လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ သရက်ချောင်းမြို့နယ် ဆင်ကြန်းရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သရက်ချောင်းမြိုနယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။

“ သူတို့က လက်နက်ကြီးတွေနဲ့ ပစ်ပြီးဝင်လာတာ။ မြို့ပေါ်က ဆင်းလာတုန်းကတော့ မြေတင်ကား ၂စီးနဲ့ ပြီးမှ လမ်းလျှောက်ပြီးဝင်လာတာ” လို့သူက အခုလို ပြောပါတယ်။

အဲ့ဒီနောက် ဧပြီလ ၂၄ရက်နေ့၊ ညပိုင်းနဲ့ ဧပြီလ ၂၅ရက်နေ့၊ နေ့လည်ပိုင်းမှာလည်း သရက်ချောင်းမြို့နယ်ရှိ ချောက်ချောင်းရွာမှာ နှစ်ဖက်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

ဧပြီလ ၂၅ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ဒေသတော်လှန်ရေးတပ်တို့ နေ့လည် ၂နာရီကနေ ၃နာရီလောက်အထိ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

“ တိုက်ပွဲတွေဖြစ်တော့ လမ်းမှာ ခရီးသည်ကားတွေက ၂နာရီလောက်ပိတ်မိနေတာ။ ကျနော်ကတော့ တိုက်ပွဲဖြစ်လို့ လေကြောင်းကနေ လာမှာဘဲ စိုးရိမ်တယ်” လို့သူက ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းက တိုက်ပွဲဖြစ်ပွားပြီး အချိန်မှာတော့ ဝင်းဝရွာရဲစခန်းဘက်ကို ထွက်ခွာသွားခဲ့ပြီး အခုလက်ရှိ အဲ့ဒီရဲစခန်းမှာ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဆင်ကြန်း၊ ချောက်ချောင်း၊ ပြင်းဖြူသား၊ ပြင်းဖြူကြီး၊ လဘ၊ ဆင်ကူး၊ ဘုတ်ကိုင်း ရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အဆိုပါ နှစ်ရက်ဆက်တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်တွေဘက်က တပ်သား ၁၂ဦး သေဆုံးခဲ့တယ်လို့ ကနဦးသိရပေမယ့် People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်သေးတာ မရှိသေးပါဘူး။

ဧပြီလ ၂၂ရက်နေ့တုန်းကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေက ဆင်ကူးရွာက နေအိမ် ၃လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အခုလက်ရှိမှာလည်း စစ်ရေးအခြေအနေတင်းမာနေတယ်လို့ သိရပါတယ်။

သတင်း- နော်အယ်နီး
ပုံ- CJ
People’s Radio Myanmar (Hpar Si Than)