တိုက်ပွဲကြောင့်ထွက်‌ေပြးတိမ်း‌ေရှာင်‌ေနတဲ့ပြည်သူ‌ေတွကိုစစ်ကောင်စီတပ်က ပြန်လည်နေထိုင်ခွင့်ပြုပြီလို့ သတင်းတွေထွက်ပေါ်နေ

ဧပြီလ ၂၈ ရက် ၂၀၂၄

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာ (၄)လကျော်ကြာမြင့်ခဲ့ပြီး အခုလက်ရှိအချိန်မှာတော့ ကော့ကရိတ်မြို့တွင်း စစ်တပ်က ပြန်လည်အထိုင်ချထားကာ မြို့တွင်းကိုပြန်လည်နေထိုင်ခွင့်ပြုပြီလို့ သတင်းတွေထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။

ဧပြီလ ၂၆ရက်နေ့ ဒီနေ့မနက်ပိုင်းမှာအခုလိုသတင်းမျိုးထွက်ပေါ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က ပြန်လည်နေထိုင်ဖို့ပြောဆိုနေပေမဲ့လဲမြို့တွင်းကျန်ရှိနေတဲ့သူတွေကို ဖမ်းဆီးနှိပ်စက်တာ၊သတ်ဖြတ်တာတွေရှိနေတာကြောင့်မပြန်ရဲဘူးလို့ စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

“ဘယ်သူမှ ဝင်မရဲတာ စကစကတော့နေလို့ရပြီပြောနေတာပေါ့ ဘယ်သူကနေရဲမလဲ အရှေ့မှာတင်လူတွေဒီလောက်သတ်ခံနေရတာ ဘယ်သူကပြန်ရဲမလဲ အဲ့ဒါကြောင့် မပြန်ကြတာ”လို့သူကပြောပါတယ်။

ဒါ့အပြင်  အခုလိုသတင်းတွေကို စစ်တပ်ထောက်ခံသူတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကနေရေးသားဖော်ပြနေကြတာဖြစ်ပြီးအခုလက်ရှိ စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေတောင်ကော့ကရိတ်မြို့တွင်းပြန်နေထိုင်တာမျိုးမရှိသေးဘူးလို့ ကော့ကရိတ်မြို့ခံအမျိုးသမီးတစ်ဦးကဆိုပါတယ်။

“ထွေအုပ်ရုံးတောင် ပြန်မထိုင်နိုင်သေးဘူးဆိုတော့ ဝန်ထမ်းတွေအနေနဲ့ ပြန်မဝင်ရဲကြသေးဘူး လူတွေကလည်းခဲမှန်ထားတော့ လန့်နေပြီတချို့မိတ်ဆွေတွေဆိုလည်း နေစရာမရှိတော့ဘူး မြို့ပျက်လိုဖြစ်နေပြီစီးပွားရေးလည်းမရှိတော့ တော်ရုံမပြန်လာနိုင်ကြဘူး”လို့ ဆိုပါတယ်။

ဧပြီလ  တတိယအပတ်တုန်းကလည်း ကော့ကရိတ်မြို့ အမှတ် ၅ရပ်ကွက်မှာ  သံတိုသံစကောက်နေတဲ့ အမျိုးသား၂ဦး၊ရုပ်ရှင်ရုံနားကလမ်းပေါ်မှာ ၂ဦး၊ရေလယ်ကုန်းရွာမှာ၁ဦးစုစုပေါင်းသတ်ခံရတာ ၆ဦးအထိရှိ‌ေနပြီးဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။

ကော့ကရိတ်မှာဖြစ်ပွားခဲ့တဲ့ ၄လကျော်ကြာတိုက်ပွဲအတွင်း စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာ၊လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊အကြောင်းမဲ့ပစ်သတ်တာတွေကြောင့် သေဆုံးတာမှာဒေသခံ၃၀ ဝန်းကျင်၊ထိခိုက်ဒဏ်ရာရရှခဲ့တာမှာလည်း၆၀ ဝန်းကျင်ခန့်ရှိပြီဖြစ်သလို နေအိမ်အလုံး၅၀၀ထပ်မနည်းမီးလောင်ပျက်စီးခဲ့ပြီဖြစ်ပြီးဒေသခံ ၂၀၀၀၀ ကျော်ဟာလည်းနေရပ်မပြန်နိုင်သေးပဲ စစ်ဘေးဆက်လက်တိမ်းရှောင်နေပါတယ်။

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than (People’s Radio Myanmar)