စစ်ကား  ၃ စီး နဲ့ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်း‌ဆွဲခံရလို့  ၃ ဦးထိခိုက်ဒဏ်ရာရ

မေလ ၁၄ရက်နေ့၊ ၂၀၂၄ခုနစ်

ထားဝယ်မြို့ပေါ်ရှိ ကမ်းနားလမ်းမှာ ညဘက်ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

မေလ ၁၂ရက်နေ့၊ ည ၁၁နာရီ ၃၇မိနစ်မှာ ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ သဲကွင်းအရှေ့မှာ  ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ကား ၃စီးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုပါတယ်။

“ ကျနော်တို့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တာပါ။ သူတို့က ညတိုင်းကင်းလှည့်ပါတယ် ။ အခု ထားဝယ်ဆေးရုံက ကိုဗစ်လူနာတွေကို ထားတဲ့ သီးသန့်အခန်ထဲမှာ ဆေးကုနေတယ် ပြောတယ်။ ကျန်တဲ့ထိခိုက်မှုကိုတော့ ကျနော်တို့ စုံစမ်းနေဆဲပါ” လို့သူက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက လက်နက်ငယ်တွေနဲ့ ဆက်တိုက် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ထားဝယ်မြို့ဒေသခံတစ်ဦးက ပြောပြပါတယ်။

“ ညဘက်အိပ်နေတဲ့အချိန်ကြီး ပစ်သံတွေကြားတော့ လန့်ပြီးနိုးသွားတာ။ ပေါက်ကွဲသံကြီးကတော့ မြေပါတုန်တယ်” လို့ သူက အခုလိုပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီနောက်မှာတော့ စစ်ကောင်စီတပ်သားတွေက အင်အား ၃၀လောက်နဲ့ ကမ်းနားလမ်းအနီးရှိ တလိုင်းမရပ်ကွက်ထဲကို ဧည့်စာရင်းဝင်စစ်တာနဲ့ စစ်ဆေးတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ထားဝယ်မြို့ဒေသခံတွေဆီက‌‌နေ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဒေါင်းညီနောင်စစ်ကြောင်းမှ သရက်ချောင်း ပကဖ ပြောက်ကျားတပ်စုနဲ့ လောင်းလုံ ပကဖ ကင်းမြီးကောက် ပြောက်ကျားတပ်စုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲတဲ့ ဇန်နဝါရီလကလည်း ထားဝယ်မြို့၊ ဘုမ္မောရပ်ကွက်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၅ဦး သေဆုံး ခဲ့ပါသေးတယ်။

 

သတင်-နော်အယ်နီး

ပုံ- ထားဝယ်မြို့ကမ်းနားလမ်း

Phar Si Than(People’s Radio Myanmar)