
ဖေဖော်ဝါရီလ ၂ရက်၊ ၂၀၂၄ ခုနှစ်
ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်၊လိပ်သိုမြို့နယ်ခွဲ၊မိုင်းလွန်ကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် အသက် ၆နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ၅ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီလ ၁ရက်နေ့ နေ့လည် ၁၂ နာရီကျော်လောက်က မိုင်းလွန်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ရဲ့ဇလဲတပ်စခန်းက မိုင်းလွန်၊ဇလဲနဲ့ ကော်ပတ်ခြံရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။
အခုလို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကော်ပတ်ခြံကျေးရွာက အသက် ၆ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ၅ဦးသေဆုံးခဲ့ပြီး ၈ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့ကတိုက်ပွဲ ဖြစ်တယ်၊ ဇလဲရွာမှာတပ်စခန်းတစ်ခုရှိတယ်၊အဲ့ဒီကနေ ပစ်တာ ကော်ပတ်ခြံရွာထဲကျပြီး ကလေးတစ်ယောက်သေသွားတယ်၊ပွဲချင်းပြီး၊ နောက်တစ်ခြားရွာတွေမှာလည်း သေတာတွေရှိတယ်၊အားလုံးပေါင်း ၅ ယောက်၊ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာလည်း မိုင်းလွန်ကျေးရွာအနီးတစ်ဝိုက်မှာ နှစ်ဖက်စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေတာကြောင့် သေဆုံးသူတွေရဲ့ နာမည်တွေကို ကျွန်တော်တို့ People’s Radio Myanmar ကသီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
ဒါ့အပြင် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဆက်မဖြစ်တော့ပေမဲ့ ဇလဲတပ်စခန်းက ညဘက်ရောက်တဲ့အချိန်ထိ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကော်ပတ်ခြံနဲ့ မိုင်းလွန်ကျေးရွာက နေအိမ်တစ်ချို့ပျက်စီးနေပြီး ဒေသခံ ၁၀၀၀ ဝန်းကျင်ဟာလည်း ဘေးလွတ်ရာ တောတောင်တွေနဲ့ လိပ်သိုမြို့ဘက်တွေကို စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီ
” ညကအထိ လက်နက်ကြီးနဲ့ပစ်နေတာဘဲ၊ တိုက်ပွဲကပြီးသွားလည်း သူတိုကဆက်ပစ်နေတာ၊အခုချိန်ထိရွာထဲကိုပြန်မဝင်ကြသေးဘူး၊တစ်ချို့ကလည်း တောထဲမှာ သွားနေကြတာတွေရှိတယ်၊ တစ်ချို့ကလည်း လိပ်သိုမြို့ပေါ်တွေမှာသွားနေကြတယ်၊” လို့ဒေသခံတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကလည်း တောင်ငူ-သံတောင်လမ်း ၅ မိုင်အနီးရှိ လယ်ပင်ကွင်းကျေးရွာကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာကြောင့် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း ပျက်စီးခဲ့ပါသေးတယ်။
ဒါ့အပြင် သံတောင်ကြီးမြို့အနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ မကြာခဏတိုက်ပွဲ ဖြစ်ပွားလေ့ရှိပြီး စစ်တပ်ကလက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံတစ်သောင်းဝန်ကျင်ဟာ တစ်နှစ်ကျော်ကြာတဲ့အထိ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ Thandaung MuPoe ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-ThandaungMuPoe
Phar Si Than (People’s Radio Myanmar)