ကျုံအိတ်တံတားမှာ ယာဉ်ငယ်တွေကို ပုံမှန်အတိုင်းပေးသွားလာနေပြီလိုဆို

မေ ၁၅ ရက်၊ ၂၀၂၄ခုနှစ်

မွန်ပြည်နယ်၊ဘီးလင်းမြို့နဲ့ သထုံမြို့ကိုဆက်သွယ်ထားတဲ့ ရန်ကုန်−မော်လမြိုင်ကားလမ်းမကြီးရှိ ကျုံအိတ်တံတားမှာတော့ ယာဉ်ငယ်တွေကို ပုံမှန်အတိုင်းပေးသွားလာနေပြီဖြစ်တယ်လို့ ယာဉ်မောင်း ေတွေဆီကနေသိရပါတယ်။

မေလ ၁၅ရက်နေ့ လောက်ကနေစပြီး ယာဉ်ငယ်တွေကို ပြန်ပေးသွားလာနေသလို ဒီနေ့မေလ ၁၆ရက်နေ့မှာတော့ မော်တော်ယာဉ်တွေမှာပုံမှန်အတိုင်းသွားလာနေကြပြီး ကုန်တင်ကားကြီးတွေမှာတော့ ကျုံအိတ်ကွင်းလမ်းပိုင်းကနေပဲ သွားလာလို့ရသေးတယ်လို့ ယာဉ်မောင်းတစ်ဦးကပြောပါတယ်။

“ယာဉ်ငယ်တွေနဲ့ အောက်ပိုင်းမြင့်ကားတွေက သွားလို့ရပြီ ကုန်တင်ယာဉ် ကတော့အဆင်မပြောသေးဘူးဒီနေ့ ယာဉ်အသွားအလာတော့ရှိတယ် ယာဉ်ငယ်တွေကတော့တံတားပေါ်ကသွားလို့ရပြီလေ ယာဉ်ကြီးကတော့ပတ်လမ်းပေါ့”လို့သူကဆိုပါတယ်။

ဒါ့အပြင် မေလ ၁၅ရက်နေ့ တစ်ရက်ထဲမှာပဲ စစ်ကောင်စီတပ်ရဲ့ ကဇိုင်းကျေးရွာအခြေစိုက် အမှတ် ၃၁၄ အမြှောက်တပ်ရင်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့  ရွှေရောင်ပြကျေးရွာထဲကိုလက်နက်ကြီးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့လို့  နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးကဆိုပါတယ်။

“မီးလောင်တဲ့အိမ်က ကိုယ့်အိမ်နားမှာပဲ ဒါပေမဲ့အိမ်တွေကခြားတော့ မီးမကူးလို့တစ်လုံးပဲလောင်သွားတာရအမြှောက်တပ်ကနေ ရမ်းသမ်းပစ်နေတာနောက်တစ်လုံးကတော့ကားလမ်းဘက်ကျတယ် ဒါပေမဲ့ကိုယ်တွေလည်းရှောင်နေရတော့ ထိခိုက်တာမသိရဘူး”လို့ဆိုပါတယ်။

ဒါအပြင် မေလ ၁၂ရက်နေ့နဲ့ ၁၃ရက်နေ့တုန်းကလည်း စစ်‌ေကာင်စီတပ်ဟာ ကျုံအိတ်တံတားအနီးက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အဝန်းကြီးကျေးရွာက ဒေသခံ၂ဦးသေဆုံးသွားသလို ရွှေရောင်ပြကျေးရွာက ဒေသခံနေအိမ်၃လုံးခန့် ပျက်စီးခဲ့ပါသေးတယ် ။

မေလ ၁၁ရက်နေ့မနက်အစောပိုင်းအချိန်မှာ ကျုံအိတ်တံတားအနီးစစ်တပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ တံတားမှာ မိုင်းခွဲခံရတာကြောင့် ပျက်စီးသွားခဲ့ပြီး ရွှေရောင်ပြရွာ အပါအဝင်ရွာပေါင်း ၄ရွာလောက်က ဒေသခံ ၅၀၀၀ ဝန်းကျင်စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

 

သတင်း – ဖူးဖူး

ပုံ-လက်နက်ကြီးကြောင့်ပျက်စီးသွားသောနေအိမ်

Phar Si Than (People’s Radio Myanmar)