
မေလ ၁၇ရက် ၂၀၂၄ခုနှစ်
မွန်ပြည်နယ်၊ ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမှာ ရေးဘီလူးအဖွဲ့ စစ်ဆေးရေးလုပ်နေချိန် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို ရေးဘီလူးအဖွဲခေါင်းဆောင်ဆီက သိရပါတယ်။
အမှတ် (၈) လမ်းမကြီး ၊ စုံနံ့သာကျေးရွာအနီးမှာ ရေးဘီလူးအဖွဲက မေလ ၁၄ ရက်နေ့လောက်ကစပြီး နယ်မြေထိန်းချုပ်ရေးနဲ့ စစ်ဆေးရေးတွေကို နေ့တိုင်းနီးပါးလုပ်ဆောင်ေနပါတယ်။
အခုလိုေန့တိုင်းနီးပါး လုပ်ဆောင်နေတဲ့အတွက် ၅၈၆ခြေမြန်တပ်ရင်းနဲ့ ၃၄၃အမြောက်ထပ်ကနေ လက်နက်ကြီး နဲ့ ဆက်တိုက်ပစ်ခတ်တာတွေကို ပြုလုပ်နေတယ်လို့ ရေးဘီလူးအဖွဲခေါင်းဆောင်က ပြောပါတယ်။
“ ကျွန်တော်တို အမြဲတမ်းစစ်နေတာတော့မဟုတ်ဘူး၊ ထိတွေ့လွယ်တဲ့နေရာတွေဆိုတော့ သတင်းရတဲ့အချိန်တွေမှာ တက်စစ်လေ့ရှိတယ်၊ လမ်းမကြီးမနီးမဝေးမှာ အထိုင်လုပ်တယ်၊ လက်နက်ကြီးကတော့ ကျနေတာဘဲ၊ တပ်ဘက်ကတော့ ကျန်တာဘာလှုပ်ရှားမှုမှမလုပ်ဘူး၊” လို့သူကပြောပါတယ်။
စစ်တပ်က အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာအပြင် စစ်ဆေးရေးလုပ်ဆောင်နေတဲ့ နေရာတစ်ဝိုက်မှာလည်း စစ်တပ်က မြေမြှပ်မှိင်းထောင်ထားတာကြောင့် သတိထားပြီးသွားလာနေရတယ်လို့ သူကဆက်ပြောပါတယ်။
“ နယ်မြေသွားလာရတဲ့နေရာမှာ မှိင်းတွေထောင်ထားလေ့ရှိတယ် စစ်ကောင်စီဘက်က၊ ဒါတွေကို သေချာသုံးသပ်ပြီးတော့ နယ်မြေရှင်းလင်းရေးအပိုင်းတွေ၊ နောက်တစ်ခုက သတင်းတွေ ကြားသိရတဲ့ အချိန်မျိုးမှာဆိုရင် ယာဉ်တန်းတွေကို တက်ပစ်တာမျိုးတွေ ကျွန်တော်တိုဆောင်ရွက်လေ့ရှိတယ်၊” လို့ပြောပါတယ်။
အခုလို စစ်ဆေးမှုလုပ်နေချိန် မေလ ၁၅ ရက်နေ့က အမှတ် ၅၈၇ ခြေမြန်တပ်ရင်းရှိ တပ်ကြပ်ကြီးမောင်ဦးရဲ့သားငယ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ရေးမြို့နယ်ရှိ ပြည်သူတွေကို ဖိနှိပ်နေတဲ့ စစ်ကောင်စီတပ်လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ စစ်ကောင်စီဂိတ်ကို မကြာခဏ ဝင်ရောက်ပစ်ခတ်လေ့ရှိသလို ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ကလည်း ရေးမြို့နယ်ထိန်းမှူးအောင်သူကို ရန်မျိုးအောင်ရပ်ကွက်မှာ ဘီယာထိုင်သောက်နေစဉ် ပစ်ခတ်ရှင်းလင်းခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။
သတင်း-ကိုဖြိုး
ပုံစာ။ ရေး-ထားဝယ် အမှတ်(၈) လမ်းပိုင်းမှာ ရေးဘီလူးအဖွဲ့ အစစ်အဆေးပြုလုပ်နေပုံ
Phar Si Than (People’s Radio Myanmar)