ကော့ကရိတ်မြို့မှာ မှတ်ပုံတင်စမတ်ကတ်တွေကို ပိုက်ဆံတောင်းပြီး ပြုလုပ်ပေးနေ

သြဂုတ်လ ၁၂ ရက် ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးရုံးက မှတ်ပုံတင်စမတ်ကတ်တွေကို ပိုက်ဆံယူပြီး ပြုလုပ်ပေးနေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ တတိယအပတ်ကစပြီး မှတ်ပုံတင်စမတ်ကတ်တွေကို ပြုလုပ်ပေးနေတာဖြစ်ပြီး စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေကို ပထမဦးစားပေးအနေနဲ့ ပြုလုပ်ပေးနေတာပါ။

လက်ရှိအချိန်မှာတော့ ဒေသခံပြည်သူတွေကို မှတ်ပုံတင်စမတ်ကတ်တွေပြုလုပ်ပေးနေပြီး တစ်ယောက်ကို ငွေကျပ် နှစ်ကျပ် နှစ်သောင်းနှုန်းနဲ့ကောက်ခံနေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ဆိုပါတယ်။

” အဲ့ဒီမှာ စမတ်ကတ်သွားလုပ်ရင် တစ်ယောက်ကို နှစ်သောင်းပေးရတယ်၊အဲ့ဒီမှာ လုပ်ပေးတဲ့စာရေးမကို၊ ကိုယ်တိုင်သွားလုပ်ရင်၊ ပွဲစားတော့မရှိဘူး၊ အခုစမတ်ကတ်လုပ်ပေးနေတဲ့ လဝကအဖွဲ့တစ်ခုက မြဝတီမှာ passport လုပ်တဲ့နေရာကိုလူချိန်းသွားပြီး၊” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ရပ်ကွက်လူကြီးတွေက ဧည့်စာရင်းလာရောတိုင်ကြားတဲ့အခါမှာလည်း ပိုက်ဆံတောင်းခံတာတွေကို ပြုလုပ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

” အဲ့ဒီမှာ ဧည့်စာရင်းသွားတိုင်ရင် တစ်ခါတိုင်ရင် ၅၀၀၀ပေးရတယ်၊ရပ်ကွက်လူကြီးကို၊ မပေးရင် ဧည့်စာရင်းမလုပ်ပေးဘူး၊ ” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

အခုလို ကော်ကရိတ်မြို့မှာ မှတ်ပုံတင်စမတ်ကတ်တွေကို ပိုက်ဆံ​ကောက်ခံပြီး ပြုလုပ်ပေးနေပေမဲ့ မြဝတီမြို့နဲ့ ဘားအံမြို့မှာတော့ မှတ်ပုံတင်စမတ်ကတ်တွေကို ပြုလုပ်ရာမှာ ပိုက်ဆံကောက်ခံတာတွေမရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိအချိန် ကရင်ပြည်နယ်ထဲက မြဝတီ၊ကော့ကရိတ်နဲ့ ဘားအံမြို့တွေမှာ မှတ်ပုံတင်စမတ်ကတ်တွေကို ပြုလုပ်ပေးနေပေမဲ့ ကြာအင်းဆိပ်ကြီး၊လှိုင်းဘွဲ၊ဖာပွန်နဲ့ သံတောင်မြို့တွေမှာတော့ ​မှတ်ပုံတင်စမတ်ကတ်ပြုလုပ်ပေးတာတွေမရှိသေးဘူးလို့ ဒေသတွင်းသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

သတင်း- ကိုဖြိုး

ဓာတ်ပုံ- ပုံဟောင်း

Phar Si Than(People’s Radio Myanmar)