တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ သင်္ဃန်းညီနောင်ကျေးရွာမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကို ဆက်တိုက်ပြုလုပ်နေ

မတ်လ ၈ရက်၊၂၀၂၄ခုနှစ်

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၇ရက် နေ့လည် ၁၂ နာရီကျော်လောက်မှာ သင်္ဃန်းညီနောင်ရှိ ခမရ ၃၅၅ တပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မတ်လ ၈ ရက်နေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာပါ။

အခုလို တိုက်ပွဲဖြစ်ပွားနေချိန် မတ်လ ၇ရက်နေ့နဲ့ ၈ရက်နေ့အတွင်း စစ်ကောင်စီတပ် ခလရ ၂၇၅ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို လေကြောင်းကနေလည်း ခမရ ၃၅၅တပ်ရင်းနားရှိ တောစပ်နဲ့ ကျေးရွာအနီးတစ်ဝိုက်ကို ပေါင် ၅၀၀ ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတစ်ဦးက “ မနေ့တုန်းက ၁၂ နာရီလောက်မှာ လေယာဉ်နဲ့တစ်ခေါက်လာပစ်တယ်၊နာရီဝက်၊ ၁နာရီလောက် ပြီးတော့ ပြန်သွားတယ်၊ ညနေစောင်းလောက် ၄ နာရီလောက် ဂျက်ဖိုက်တာနဲ့ လာပစ်တယ်၊ ဝဲပြီးတော့ ပစ်နေတယ်၊ ညဘက် တစ်ညလုံးဘဲပစ်တယ်၊ တစ်လုံးပြီးတစ်လုံးဘဲ ၊ချနေတာအလုံးကြီးသက်သက်၊ဆက်တိုက်ဘဲ၊ မနက်ကတော့ တစ်လုံးတစ်လုံးဘဲ၊ နေ့လည်ကတော့လေယာဥ်တွေပါလာနေပြီး၊” လို့ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေကြောင့် မတ်လ ၈ရက်နေ့ နေ့လည် ၁၂ နာရီကျော်လောက်မှာ ရွာသစ်ကျေးရွာထိပ်မှာရှိတဲ့ သဘာဝရိပ်သာ (ဘိုးဘွားရိပ်သာ)ထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အဘိုး၂ဦးသေဆုံးကာ ၈ဦးဒဏ်ရာရရှိခဲ့တာကြောင့် မြဝတီပြည်သူ့ဆေးရုံကို ပိုဆောင်ပေးခဲ့ရတယ်လို့ ကူညီလုပ်ကိုင်ပေးနေသူတစ်ဦးက ပြောပါတယ်။

” မနေ့ထဲက လက်နက်ကြီးနဲ့ပစ်၊လေယာဥ်နဲ့တောက်လျှောက်ကြဲနေတာပါ၊ ဒီနေ့လေယာဥ်နဲ့ပစ်လိုက်တဲ့ လက်နက်ကြီးနှစ်လုံးက အဘိုးအဘွားးဆောင်ပေါ်ကိုတည့်တည့်ကျတာပါ၊ အဘိုးနှစ်ဦးက နေရာမှာဘဲပွဲချင်းပြီးဆုံးသွားပါတယ်၊ အဘိုးအဘွားး ၈ ဦးကတော့ ထိခိုက်ဒဏ်ရာရပြီးတော့ မြဝတီပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးနေပါတယ်၊” လို့ လူမှုကူညီရေးလုပ်ဆောင်ပေးနေသူတစ်ဦးက ပြောပါတယ်။

အခုလို တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ၊လေကြောင်းကနေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ရွှေမြန္စီ၊ မဲကနယ်၊ သင်္ဃန်းညီနောင်နဲ့ ရွာသစ်ကျေးရွာက ဒေသခံ တစ်ထောင်ကျော်ဟာ မြဝတီမြို့ရှိ ငှားထားတဲ့နေအိမ်တွေနဲ့ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ မြဝတီ၊ မဲပလဲ၊ ကော့ကော်ဘက်ကိုပြေးပါတယ်၊ အများဆုံးကတော့ မြဝတီပါ၊ စစ်ဖြစ်မယ်ဆိုတဲ့ သတင်းတွေအရ ရွှေ့ခိုင်းထားတာကြာပြီ၊ ညီနောင်မှာဘုန်းကြီးပျံပွဲရှိလို့ ဘာမှမဖြစ်တာ၊ လူတွေက ပစ္စည်းကြိုရွှေ့၊ အိမ်ကြိုငှားထားပြီးသား၊ မတက်နိုင်တဲ့ လူတွေကတော့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ နီးစပ်ရာပေါ့၊” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

လက်ရှိအချိန် ခမရ ၃၅၅ အနီးတစ်ဝိုက်နဲ့ သင်္ဃန်းညီနောင်ရွာနားမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသလို ဒီကနေ့ မနက်ပိုင်းမှာလည်း မြဝတီ-သင်္ဃန်းညီနောင်လမ်းပိုင်းကိုလည်း ပိတ်ထားရကာ ဒေသခံထိခိုက်သေဆုံးတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေရဲ့ပြောစကားအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-Social Media

Phar Si Than (People’s Radio Myanmar)