
ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၂၃ခုနှစ်
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် ၊တောင်ကလေးကျေးရွာအရှေ့ပိုင်းမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကျေးရွာအတွင်းကနေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီးပစ္စည်း တွေလည်းယူဆောင်သားတယ်လို့ ကျေးရွာဒေသခံတွေဆီကနေသိရပါတယ်။
ဒီဇင်ဘာလ ၃ရက်နေကနေအိမ်ခြေ၁၀၀ ဝန်းကျင်ရှိတဲ့တောင်ကလေးကျေးရွာ အရှေ့ပိုင်းကို စစ်တပ်ကတပ်စွဲကာ ဒေသခံတွေမှာလည်းရှောင်တိမ်းနေကြရတာလည်း ဖြစ်ပါတယ်။
အခုလက်ရှိအချိန်မှာလည်း စစ်သားတွေကကျေးရွာအတွင်းကနေအိမ်အားလုံးနီးပါးကို မွှေနှောက်ထားကာ ပစ္စည်းတွေလည်းယူဆောင်သွားတာကြောင့် ဒေသခံတစ်ချို့မှာ ပစ္စည်းတွေကိုပြောင်းရွှေ့နေကြတယ်လို့ အမည်မဖော်လိုသူတောင်ကလေးကျေးရွာ သားတစ်ဦးကပြောပါတယ်။
“ရွာဘက်မှာတော့အခြေအနေကပိုဆိုးလာတော့ လူတွေလည်းပစ္စည်းတွေပြောင်းရွှေ့နေ့တိုင်း လုပ်နေတာပဲပစ္စည်းခိုးတာပျောက်တာဖြစ်တော့ရွှေ့လို့ရတဲ့သူကရွှေ့တာပဲ သူတို့ဝင်ပြီးနေတဲ့ အိမ်တိုင်းအမွှေခံထားရတာ သူငယ်ချင်းတစ်ယောက်အိမ်ဆိုမစင်တွေပါစွန့်သွားတယ် အိမ်ရှင်တွေပြန်ကြည့်တာ အကုန်မွှေထားပြီးပစ္စည်းတွေလည်းပျောက်ကုန်တာပဲ စစ်သားတွေမွှေထားတာအရှေ့ဘုရားစုနားတစ်စုလုံးပဲ”လို့သူကပြောပါတယ်။
စစ်သားတွေကတောင်ကလေးကျေးရွာအရှေ့ပိုင်းကိုဝင်ရောက်မွှေနှောက်ထားတာကြောင့် အရှေ့ပိုင်းအနီးအနားမှာရှိတဲ့ရပ်ကွက်တစ်ချို့ကဒေသခံတွေကလည်းမုဒုံမြို့ကို ဒီနေ့ဒီဇင်ဘာလ၂၈ရက်နေ့ထိပြောင်းရွှေ့နေကြတယ်လို့ ပြောင်းရွှေ့နေသူကျေးရွာ သားတစ်ဦးကဆိုပါတယ်။
“အခုထိပြောင်းနေတုန်းပဲလူတွေကပြောင်းကုန်ပြီးအရှေ့ပိုင်းမှာဝင်တော့အရှေ့ပိုင်းနဲ့နီးတဲ့ ရပ်ကွက်တွေက ကြိုပြီးတော့ပြောင်းထားတယ်ကြိုပြီးတော့ပစ္စည်းသယ်ထားတယ်နေ့တိုင်း လုပ်နေတာပဲမုဒုံလမ်းဆိုပစ္စည်းသယ်သွားတဲ့ကားတွေကြီးပဲ”လို့ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ဘက်ကစစ်ကြောင်းထိုးလာတာကြောင့်ကျောက်ကွဲကျေးရွာအနီး မနက်၉နာရီ၃၀မိနစ်အချိန်ကနေ နေ့လည်ပိုင်းအချိန်လောက်ထိကို စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြပေမဲ့ ထိခိုက်သေဆုံးတာနဲ့ပတ်သက်ပြီး အတိအကျမသိရှိရသေးဘူးလို့တောင်ကလေးကျေးရွာကဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၀ရက်နေ့နဲ့ ၂၁ရက်နေ့တုန်းကလည်းတောင်ကလေးကျေးရွာ အရှေ့ပိုင်းမှာရှိတဲ့ စစ်တပ်ကပိတ်ထားတဲ့ဖြတ်သွားတဲ့အမျိုးသားနှစ်ဦးကိုလည်းစစ်တပ်ကပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါသေးတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)