
မတ်လ ၁၅ ရက် ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊မြဝတီမြို့နယ်ဘက်က ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်ဘက်မှ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ကျေးရွာပေါင်း ၈ရွာလောက်ကဒေသခံ ၃၀၀၀ဝန်းကျင် ထပ်မံစစ်ဘေးတိမ်းရှောင်လာတဲ့အတွက် အကူအညီပေးမှုတွေလည်းလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးသူတွေရဲ့ပြောပြချက်အရသိရပါတယ်။
မတ်လ ၇ရက်နေ့ကစပြီး သင်္ဃန်းညီနောင်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ KNLAပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြကာ စစ်ကောင်စီတပ်ဘက်မှ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် မတ်လ ၁၀ရက်နေ့လောက်ကနေစပြီး ပလော့တပို့၊တောင်ယာကြီး၊ကြို့ပင်၊ ဘုရားကုန်း၊ ကွီးညမု၊ ကဆောဝါးလေး၊မယ်ထော်သလေး၊ဖာဘိဂိတ်က စစ်ရှောင်၃၀၀၀ဝန်းကျင်ဟာ ပလော့တပို့စစ်ရှောင်စခန်းမှာ လာရောက်စစ်ရှောင်နေကြပါတယ်။
စစ်ရှောင်စခန်းအတွင်းမှ စစ်ရှောင်ပြည်သူများအတွက် အခြေခံစားသောက်ကုန်၊ဆေးဝါးနဲ့ သက်ကြီးရွယ်အိုတွေ အတွက် ဖြည့်စွက်စာတွေလည်းလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတစ်ဦးကပြောပါတယ်။
“ထပ်ရှောင်တာတွေကတော့ ဖလူးလေး၊ဖလူးကြီး၊မင်းလက်ပံ၊ထီးမယ်ဝါးခီးပေါ့ အခုလိုအပ်တာကတော့ အခြေခံစားသောက်ကုန်နဲ့ဆေးဝါး၊ဆေးတွေကသွေးတိုး၊ဆီးချို၊နှလုံးအဲ့ဒီဆေးတွေကတော့အများကြီးလိုအပ်တယ် သက်ကြီးရွယ်အိုတွေကတော့အဓိက သူတို့ရဲ့အားဖြည့်အစားစာပေါ့နော်၊ နာမကျန်းဖြစ်တဲ့သူတွေအတွက်ကတော့ ဆေးဝါးတွေလိုအပ်နေတာပေါ့”လို့သူကပြောပါတယ်။
လေးကေ့ကော်ကျေးရွာတစ်ဝိုက်မှာလည်း လေယာဉ်ဗုံးကြဲတာတွေရှိနေသလို ၊ထီးမယ်ဝါခီး၊မင်းလက်ပံ၊ လေးကေ့ကော်၊ဖလူးကြီး၊ဖလူးလေးကျေးရွာတွေအတွင်းတိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ရင်လည်း ဒေသခံပြည်သူတွေထိခိုက်မှာကို စိုးရိမ်တာကြောင့်ကျေးရွာရှိတာဝန်ရှိသူက ပြောင်းရွှေ့ခိုင်းတာဖြစ်ပြီး ဒေသခံထောင်နဲ့ချီဟာလည်း ဘေးလွတ်ရာနေရာမှာ တဲထိုးနေထိုင်ရကာ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ လိုအပ်နေတယ်စစ်ရှောင်ပြည်သူတစ်ဦးကဆိုပါတယ်။
“ဖလူးလေးကော၊ဖလူးကြီးကော၊မယ်ဝါခီးကောရှောင်ရမယ်ဆိုလို့ရှောင်ရတာ၊လိုအပ်တာတွေတော့ အများကြီးပဲ သွားတိုက်ဆေးတို့၊ဆပ်ပြာတို့ဘယ်သူမှမပါဘူးရေချိုးတာ တစ်ချို့ဆိုစောင်တွေတောင်မပါဘူး၊ဖျာတွေလည်းမပါ ဒီတိုင်းနေပဲတစ်ချို့ကျတော့ထွက်ဟေ့ထွက်ဟေ့ဆိုပါလာတယ်တစ်ချို့ကျတော့လည်းပတ်တူတဲလေးတွေထိုးတယ်၊အပင်အောက်တွေမှာနေတယ်မယ်ဝါးခီးလည်းတစ်ယောက်မှမရှိတော့ဘူးလေးကေ့ကော်ထဲမှာလည်းတစ်ယောက်မှမရှိကြဘူးလူကတစ်စုထဲမနေရဲဘူးပေါ့”လို့ဆိုပါတယ်။
ဒါ့အပြင် သင်္ဃန်းညီနောင် ၊ရွာသစ် ၊ဝှေ့ရှမ်း၊ဖားချောင်းနဲ့မဲကနယ်ကျေးရွာဘက်က ဒေသခံ၅၀၀၀ ကျော်ဟာလည်း မြဝတီမြို့တွင်းက ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာဆွေမျိုးတွေဆီမှာသွားရောက်တိမ်းရှောင်နေရပါတယ်။
မြဝတီမြို့နယ်မှာတိုက်ပွဲဖြစ်ပွားတာ ၁၀ရက်နီးပါးကြာမြင့်နေပြီးဖြစ်ပြီး အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတက်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာကြောင့် ဒေသခံထိခိုက်သေဆုံးတာမှာ၈ဦးခန့်ရှိနေပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတာမှာလည်း ၂၀ဦးထပ်မနည်းရှိနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)