
ဇန်နဝါရီလ ၃၁ရက်၊ ၂၀၂၄ခုနှစ်
ထားဝယ်ခရိုင်၊ လောင်းလုံမြို့ပေါ်မှာ ဒေသတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားတာကြောင့် စစ်ကောင်စီတပ်တွေဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ လောင်းလုံမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။
ဇန်နဝါရီလ ၃၀ရက်နေ့၊ မနက် ၆နာရီလောက်မှာ လောင်းလုံမြို့ပေါ်ရှိ မြို့မရဲစခန်း၊ စရဖရုံးနဲ့ မြို့နယ်အထွေအုပ်ရုံးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ လောင်းလုံ ဒေသခံက ဆိုပါတယ်။
“ PDFတွေဘက်က ပစ်တာက ၁၀မိနစ်လောက်ဘဲ့။ စစ်တပ်က ပြန်ပစ်တာ ၅နာရီကြာတယ်။ သူတို့ဘက်က စစ်ကူတွေလည်းရောက်လာတယ်” လို့သူက အခုလိုပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က မြို့နယ်စာရင်စစ်ရုံးနဲ့ စရဖရုံးက စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။
အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုအပြီး နေ့လည် ၁၂နာရီလောက်မှာတော့ ပင်လယ်ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ် သင်္ဘောကနေ လောင်းလုံမြို့ပေါ်၊သဗျာရွာနဲ့ စမ်းလှမ်းရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်သမ်း ပစ်ခတ်ခဲ့တယ်လို့ လောင်းလုံမြို့နယ်ဒေသခံဆီကနေ သိရပါတယ်။
“ လက်နက်ကြီးက ၂နေရာကနေ ပစ်ကူပေးတာ။ ထားဝယ်မြို့ပေါ်က ကြက်စားပြင်ဆိပ်ကမ်းကလည်း ပစ်တယ်။ ပင်လယ်သင်္ဘောထဲကနေလည်း ပစ်တယ်” လို့သူက ပြောပြပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် သဗျာကျေးရွာက နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံအမျိုးသား ၂ဦးနဲ့ အမျိုးသမီး ၁ဦးတို့ လက်နက်ကြီးကျည်စထိမှန်ခဲ့တယ်လို့ သိရပါတယ်။
လောင်းလုံမြို့နယ်ဒေသခံတစ်ဦးက “ သဗျာရွာမှာလူ၃ယောက်ကိုလည်း ဖမ်းသွားတယ်။ လက်နက်ကြီး ထိတဲ့အထဲမှာ တစ်ဦးက အဆုတ်နားမှာထိတော့ စိုးရိမ်ရတယ်။ ကျန်တဲ့လူကတွေကတော့ ခြေနဲ့ လက်ထိကြတယ်” လို့သူက ဆက်ပြောပါတယ်။
အခုလက်ရှိ လောင်းလုံမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာတွေကို အတင်းအကြပ် စစ်ဆေးနေပြီး လောင်းလုံမြို့ပေါ်က နေရာအနှံအပြားကိုလည်း ဝင်ရောက်စစ်ဆေးနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)