မီးလောင်ချောင်းရွာတိုက်ပွဲမှာ စစ်တပ်က လေကြောင်းအသုံးပြုတိုက်ခိုက်

ဖေဖော်ဝါရီလ ၂ရက်နေ့၊ ၂၀၂၃ခုနှစ်

 

စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်ရှိ မီးလောင်ချောင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တဲအချိန် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။

ဇန်နဝါရီလ ၃၀ရက်နေ့၊ မနက် ၅နာရီခွဲလောက်မှာ မီးလောင်ချောင်းရွာရှိ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၄နာရီကျော် ကြာမြင့်ခဲတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

“ အဲ့စခန်းမှာ ပျူစောထီးက ပိုများတယ်။ စုစုပေါင်းအင်အား ၂၀လောက်ရှိတယ်။ တပ်စွဲထားတာက ၂နှစ်ကျော်ပြီ။ ကျနော်တို့ဘက်က စခန်းကိုတော့ မီးရှို့ဖျက်ဆီးလိုက်ပါတယ်” လို့သူက အခုလိုပြောပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်သားတွေက ဘုတ်ပြင်းအခြေစိုက် ခလရ (၁၇) ကို ဆုတ်ခွာသွားပြီး မနက် ၈နာရီခွဲလောက်မှာတော့ စစ်ကောင်စီတပ်ဘက်က Mi 2 ရဟတ်ယာဉ်နဲ့ လေကြောင်းကနေ ပစ်ကူပေးခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပြပါတယ်။

“ မီးလောင်ချောင်းဟာ ပုလောမြို့နယ်နဲ့ မြိတ်မြို့နယ် အစပ်ဖြစ်တယ်၊ ဗျူဟာအရ အရေးပါတယ်။ ပျူစခန်းလေးလောက်ပဲဆိုပေမယ့် ကားလမ်းမကြီးပေါ်မှာ တည်ရှိနေတာ ဖြစ်တယ်။ သူတို့ဘက်က မြေပြင်မှာ အင်အား သိပ်မရှိတော့တဲ့အခါ သူတို့ရဲ့ အားသာချက်ဖြစ်တဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်အားကိုပဲ အဓိက သုံးပြီး ခုခံသွားတယ်လို့ပဲ မြင်တယ်” လို့ သူက ဆက်ပြောပါတယ်။

ပစ်ခတ်မှုအပြီး နေ့လည် ၁၂နာရီလောက်မှာတော့ ပလမြို့ ရဲစခန်းနဲ့ ဘုတ်ပြင်းအခြေစိုက် ခလရ (၁၇)တွေကနေ လက်နက်ကြီးတွေနဲ့လည်း ပစ်ကူပေးတာကြောင့် တပိုကျေးရွာက အမျိုးသမီး (၂) ဦး လက်နက်ကြီးကျည်ထိမှန် ခဲ့ပြီး လမ်းပေါ်မှာရှိနေတဲ့ ယာဉ်မောင်း ၁ဦးကတော့ သေဆုံးသွားခဲ့တယ်လို့ ပုလောမြို့နယ်ဒေသခံဆီကနေ သိရပါတယ်။

“ လက်နက်ကြီးထုတာက အချက်ရေ ၃၀လောက်ရှိတယ်။ ကားလမ်းမပေါ်တွေရော အခြားရွာတွေဘက်ကိုလည်း ကျသေးတယ်” လို့သူက ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်း  စစ်ကောင်စီတပ်တွေဘက်က တပ်သား ၁ဦးနဲ့ ပျူစောထီး ၅ဦးသေဆုံးခဲ့တာကို နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒေသတော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ အမှတ်(၃) တပ်ခွဲမှူး မိုးညို၊ ရဲဘော်ကျော်ကြီး၊ KNDO တပ်ဖွဲ့ရဲ့ အစ္စလာမ်ရဲဘော် မိုဟာမ္မဒ် ရရှစ်(တ်)ခါန်းနဲ့ မဟာမိတ်တပ်တွေဘက်က (၂)ဦး စုစုပေါင်း (၅)ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မီးလောင်းချောင်းရွာ စခန်းသိမ်းတိုက်ပွဲကို မြိတ်ခရိုင်တပ်ရင်း(၁)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၊ ပုလောစစ်ကြောင်း၊ တောကြီးမြွေဟောက်အဖွဲ့၊ ဗိုလ်မိုးကြိုးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပုလောဒေသကာကွယ်ရေးတပ် (PRDF)၊ မိကျောင်းစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- ကျဆုံးရဲဘော်တွေရဲ့ ဈာန်ပနမြင်ကွင်း

Phar Si Than (People’s Radio Myanmar)