ရေဖြူမှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီး လမ်းပေါ်မှာစွန့်ပစ်ထား

အောက်တိုဘာလ ၁၆ရက်နေ့၊ ၂၀၂၃ခုနစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဝက်ချောင်းရွာအနီးရှိ ကားလမ်းမှာ အမျိုးသမီးငယ်တစ်ဦး ပစ်သတ်ခံထားရပြီး လမ်းပေါ်မှာ စွန့်ပစ်ထားတယ်လို့ ရေဖြူမြို့နယ်ဒေသခံတွေဆီကနေသိရပါတယ်။

အောက်တိုဘာလ ၁၄ရက်နေ့၊ နေ့လည် ၂နာရီခွဲဝန်းကျင်လောက်မှာ သေနတ်ပစ်ခတ်သံတွေကြားရပြီးနောက် အဆိုပါ အမျိုးသမီးငယ်ရဲ့ အလောင်းကို ဦးခေါင်းနဲ့ မျက်နှာတွေမှာ ကျည်ထိမှန်ဒဏ်ရာတွေနဲ့ လမ်းပေါ်မှာ ရွာသားတွေက တွေ့ရှိခဲ့တာဖြစ်တယ်လို့ ရေဖြူမြို့နယ်ရှိ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ ဖြတ်သွား ဖြတ်လာလုပ်တဲ့ သူတွေမြင်ကြတာ။ ပစ်တာက မျက်နှာကို တည့်တည့်ချိန်ပြီး ပစ်ထားတဲ့ပုံစံပါ။ ပစ်ထားတာက မျက်နှာတခြမ်းတောင်ပျက်စီးနေပြီ။ လည်ပင်းမှာလည်း လုံချည်နဲ့ ပတ်ထားတယ်”လို့ သူကအခုလိုပြောပါတယ်။

ပစ်သတ်ခံရသူက ရေဖြူမြို့နယ်၊ ခမောင်းချောင်းရွာက အသက် ၂၂နှစ်အရွယ် မအေမီချစ် ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အမျိုးသမီးရဲ့ အလောင်းနဘေးမှာလည်း ကားကွေ့ထားတဲ့ ကားဘီးအရာတွေရှိနေတယ်လို့ ဒေသခံကပြောပြပါတယ်။

ပစ်ခတ်သံတွေ ကြားရပြီး မိနစ်ပိုင်းအတွင်း အဆိုပါကားလမ်းပေါ်မှာ ကားတစ်စီး ဖြတ်သွားခဲ့တာကြောင့် အဲ့ဒီကားနဲ့ မျက်လုံးပိတ်ဖမ်းခေါ်လာပြီး ပစ်သတ်သွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

“ လုံချည်နဲ့ မျက်လုံးပိတ်ပြီး ခေါ်လာတာဖြစ်နိုင်တယ်။ ဘယ်သူမှ မမြင်ဘူး။ သတ်ပြီး လမ်းမှာ ထားခဲ့တာပဲသိရတယ်။ ကျနော်တို့က အသံဘဲ့ကြားရတာပါ။ ရွာကလူတွေကတော့ သူ့ကောင်လေးက စစ်တပ်တွေနဲ့ပေါင်းပြီး သတ်သွားတယ်လို့ မှတ်ချက်ချနေကြတယ်” လို့ ရေဖြူမြို့နယ်ရှိ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦး ကအခုလို ရှင်းပြပါတယ်။

ပစ်သတ်ခံရတဲ့ အမျိုးသမီးက ပြီးခဲ့တဲ့ စက်တင်ဘာလက စစ်ကောင်စီတပ် စစ်ကြောင်းရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာတာ ၃ရက်သာ ရှိသေးတယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ဒေသခံတွေက စစ်တပ်ကပစ်သတ်ခဲ့တာဖြစ်တယ်လို့ သုံးသပ်ပြောဆိုနေကြပေမယ့် ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတော့ကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြု ပြောဆိုနိုင်တာတော့ မရှိသေးပါဘူး။ အမျိုးသမီးရဲ့ အလောင်းကိုတော့ အောက်တိုဘာလ ၁၅ရက်နေ့မှာ ဒေသခံတွေက မီးသင်္ဂြိုလ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက စစ်ကောင်စီတပ်တွေက ရေဖြူမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့တာ၊ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီတာတွေကိုလုပ်ဆောင်ခဲ့ပြီး စစ်တပ်ရဲ့ ဖမ်းဆီးတာကို ခံရတဲ့ ဒေသခံတွေထဲမှ သားအဖနှစ်ဦးရဲ့ အလောင်းတွေကိုလည်း အောက်တိုဘာလ ၅ရက်နေ့က ခမောင်းချောင်းရွာအနီးမှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွင်း သတင်းအရင်းအမြစ်တွေ အရသိရပါတယ်။

၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်း တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေ မထီမဲ့မြင် ပစ်ခတ်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ ၁၀၀ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နေအိမ် ၂၀၀ ကျော်ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ တနင်္သာရီတိုင်းရှိ အရပ်အဖက် အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားချက်တွေ အရသိရပါတယ်။

သတင်း- နော်အယ်နီး

ပုံ- CJ

Phar Si Than (People’s Radio Myanmar)