
ဇန်နဝါရီလ ၁၀ရက်နေ့၊ ၂၀၂၄ခုနှစ်
ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ထောင်အာဏာပိုင်တွေက ဆေးကုသခွင့် မပေးတာကြောင့် မျက်စိကွယ်လုနီးပါးဖြစ်နေတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မျက်စိဝေဒနာခံစားနေရတဲ့သူက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၅၇နှစ် အရွယ်ရှိ ဦးထွန်းဝေဆိုသူဖြစ်ပါတယ်။
၂၀၂၁ခုနစ်မှာ ဦးထွန်းဝေဟာ စစ်ကောင်စီတပ်သားတွေရဲ့ မတရားဖမ်းဆီးတာကို ခံခဲ့ရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) ထောင်ဒဏ် ၆နှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ထောင်ဒဏ် ၃နှစ် စုစုပေါင်း ထောင်ဒဏ် ၉နှစ် ချမှတ်ခံထားရသူတစ်ဦး ဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူဆီကနေ သိရပါတယ်။
ဦးထွန်းဝေဟာ အကျဉ်းထောင်ထဲမှာ မျက်စိတိမ်စွဲတဲ့ ဝေဒနာကို ခံစားခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၃ခုနစ်က မျက်စိအခြေအနေ ဆိုးရွားလာတာကြောင့် အကျဉ်းထောင်ဆေးမှူးက ခွဲစိတ်ကုသဖို့ လိုအပ်တယ်ဆိုတာကို ပြောကြားခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
“ အပြင်မှာ ခွဲစိတ်ကုသခွင့်ရဖို့ အကြိမ်ကြိမ်စာတင်တယ်။ ဒါပေမဲ့ သူတို့ဘက်က အရေးတယူလုပ်တာမရှိဘူး။ ထောင်ထဲ လာစစ်တဲ့ ဆေးမှူးကလည်း ခွဲစိတ်မှကောင်းတော့မယ်ဆိုတာကို ပြောခဲ့တယ်” လို့ သူကအခုလိုပြောပါတယ်။
အခုလက်ရှိမှာတော့ သူ့ရဲ့ မျက်လုံးနှစ်ဖက်စလုံးက အဖြူရောင်ဖြစ်နေပြီး မျက်စိကွယ်လုနီးပါး ဖြစ်နေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူက ဆက်ပြောပါတယ်။
“ မျက်စိက အလင်းရောင်လောက်ဘဲ့ မြင်ရတော့တယ်။ သူ့အရှေ့လာရပ်ရင်တောင် ဘယ်သူဘယ်ဝါဆိုတာ မသဲကွဲတော့ဘူး။ မျက်စိကွယ်လုနီးပါး ဖြစ်နေပြီ” လို့သူက ပြောပြပါတယ်။
ထားဝယ်အကျဉ်းထောင်မှာ အကျဉ်းသားစုစုပေါင်း ၁၀၀၀ ကျော်ရှိပြီး နိုင်ငံရေးနဲ့ ထောင်ချခံထားရတဲ့ အကျဉ်းသူ၊ အကျဉ်းသား ၄၀၀ ဝန်းကျင်လောက်ရှိတယ်လို့ DPPNရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၇ရက်နေ့ကလည်း လောင်းလုံမြို့နယ်က နိုင်ငံရေးအကျဉ်းသားတစ်ဦး အမောဖောက်လို့ ထောင်တွင်းဆေးခန်းကနေ ပြင်ပဆေးရုံကို ပို့ဆောင်တဲ့အချိန် သေဆုံးခဲ့ဖူးတယ်လို့ ထောင်တွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- DPPN
Phar Si Than (People’s Radio Myanmar)