ဘားအံမြို့မှာ လောင်စာဆီပြတ်လတ်နေတာကြောင့် ဆီဆိုင်ကြီးတစ်ချို့ ပိတ်ထားရ

ဒီဇင်ဘာလ ၆ရက် ၂၀၂၃ ခုနှစ်

 

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လောင်စာဆီပြတ်လတ်နေတာကြောင့် ဘားအံမြို့ပေါ်ရှိ ဆီဆိုင်တစ်ချို့ ပိတ်ထားရတယ်လို့ ဘားအံမြို့ဒေသခံတွေဆီက သိရပါတယ်။

ဘားအံမြို့မှာ ဒီဇင်ဘာလ ၃ ရက်နေ့ လောက်ကစပြီး လောင်စာဆီပြတ်တောက်နေတာကြောင့် လမ်းဂွမှာရှိတဲ့ Danko ဓာတ်ဆီဆိုင်ပိတ်ထားရသလို ဒီဇင်ဘာလ ၅ ရက်နေ့ ညနေပိုင်းလောက်ကလည်း ရတနာမြေဓာတ်ဆီဆိုင်ပိတ်လိုက်ရပြီး တစ်ခြားဓာတ်ဆီ​ဆိုင်တွေဖြစ်တဲ့ ရှမ်းလေး၊ ချောစုနဲ့ ဖားမဲ့တောင်ဓာတ်ဆီဆိုင်တွေမှာလည်း ဆီကိုအကန့်အသတ်နဲ့သာ ဝယ်လို့ရတော့တယ်လို့ ဘားအံမြို့ဒေသခံတွေက ပြောပါတယ်။

” တနဂ်နွေနေ့က လမ်းဂွ Danko  ပျက်တယ်၊ ၅ရက်နေ့က ရတနာမြေပျက်တယ်၊ ဖားမဲ့တောင်က ဆီဆိုင်လည်း ပျက်သွားပြီး အသောကြီးပိတ်ထားတယ်၊ ဆီဆိုင်သွားတာလူတိုးနေကော၊ လမ်းဂွအကျော်ဘက်မှာ ဆီဆိုင်တွေရှိတယ်လေ၊ အဲ့ဒီမှာသွားဖြည့်တာတောင် ဆိုင်ကယ်ကို (၂) ထောင်ဖိုးဘဲရတယ်၊ ဖားမဲ့တောင်မှာလည်း (၃) ထောင်ဖိုးဘဲရတော့တယ်၊ အခုဆိုမြို့ထဲမှာလူတွေရှင်းနေပြီး၊” လို့ဘားအံမြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းမှာတော့ ဘားအံမြို့ပေါ်ရှိ ဆီဆိုင်တွေမှာ ဆီကိုအလုအယက်ဝယ်ယူနေကြရပြီး ညနေပိုင်းမှာ ဆီပျက်သွားမဲ့အခြေအနေမှာ ရှိနေတယ်လို့ ဘားအံမြို့ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

” ညနေလောက်မှာ ဆီပြတ်သွားမဲ့အခြေအနေရှိတယ်၊ ထောင်ဝိမှာရှိတဲ့ ရှမ်းလေးဆီဆိုင်ကော၊ ဇာသပြင်လမ်းမှာရှိတဲ့ ဆီဆိုင်ကော ဆီမရတော့ဘူး၊ အခု 92 ကို (၂၅၅၀)၊ 95 ကို (၂၆၈၀) ရှိနေပြီး တစ်လီတာကို၊ ဆီကိုလူတိုးပြီးဝယ်နေရတယ်၊” လို့ ဘားအံမြို့ဒေသခံ အမျိုးသားက ပြောပါတယ်။

အခုလို ဘားအံမြို့ထဲမှာ ဆီပြတ်လတ်တာတွေကြောင့် ဘားအံမြို့အနီးတစ်ဝိုက်မှာရှိတဲ့ ကျေးရွာတွေဘက်မှာလည်း ဆီတစ်လီတာကို (၃၀၀၀) ကျပ်အထိပေးပြီးဝယ်ယူနေရတယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

” စျေးကတော့တက်တာပေါ့၊ ဇာသပြင်ဘက်ကဆီကားတွေက ရွာဘက်ကိုလာတယ်လေ၊ ဆိုင်တွေက ပြန်ဝယ်ပြီး ပြန်ရောင်းကြတာ၊ အခုဆို ရေသန့်ဗူး တစ်လီတာတစ်ဗူးကို (၃၀၀၀) ၊ ဒါတောင်အပြည့်မရဘူး၊ ရွာထဲမှာလည်း တစ်ချို့ဆိုင်တွေက ဆီဝယ်လို့မရတော့ဘူး၊” လို့ ကွမ်တာကျေးရွာမှာနေထိုင်သူအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့တုန်းကလည်း ဘားအံမြို့မှာ လောင်စာဆီ ပြတ်လတ်သွားတာကြောင့် ဒေသခံပြည်သူတွေ လောင်စာဆီအလုအယက်ဝယ်ယူရတာ၊ သွားလာရေးစရိတ်မြင့်တက်တာတွေနဲ့ ရင်ဆိုင်ခဲ့ရသေးတယ်လို့ ဒေသခံတွေရဲ့ ပြောစကားတွေအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-ပုံဟောင်း

Phar Si Than(People’s Radio Myanmar)