
ဖေဖော်ဝါရီလ ၂၈ရက်၊၂၀၂၄ခုနှစ်
မွန်ပြည်နယ်၊ရေးမြို့နယ်တစ်နေရာတွင် စစ်ကောင်စီတပ်လက်အောက်ခံအထွေထွေ အုပ်ချုပ်ရေးဌာနမှ ခရိုင်မှူးလိုက်ပါလာတဲ့ ယာဉ်တန်းကြားဖြတ်တိုက်ခိုက်ခံခဲ့ရတာကြောင် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၅ရက်နေ့ မနက်အစောပိုင်းအချိန်မှာ ရေးမြို့ကနေလမိုင်းကျေးရွာဘက်ကိုလာတဲ့ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ခရိုင်မှူးယာဉ်တန်း စံပြကျေးရွာအနီးပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်သား၁ဦးသေဆုံးကာ ၁ဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်တွင်းသတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။
“မွန်အမျိုးသားနေ့တုန်းကခရိုင်မှူးယာဉ်ပစ်ခံရတယ် ပစ်တာကတော့သေနတ်နဲ့ပဲ ဘယ်အချိန်ဖြစ်မှန်းတော့မသိလိုက်ဘူး ပြန်သိရတဲ့အချိန်က၉နာရီထိုးနေပြီး စစ်သားတစ်ယောက်တော့သေတယ် တစ် ယောက်ကတော့ဒဏ်ရာရတယ် ”လို့သူကပြောပါတယ်။
ထို့အပြင် သေဆုံးသွားတဲ့စစ်သားအလောင်းကိုလည်း လမိုင်းသုဿာန်မှာသင်္ဂြိုလ်လိုက်ပြီး ထွေအုပ်ခရိုင်မှူးနဲ့အခြားအရာရှိတွေမှာတော့ ထိခိုက်ဒဏ်ရာရရှိတာမျိုးမရှိဘူးလို့ သူကဆက်ပြောပါတယ်။
“ခရိုင်မှူးနဲ့တခြားအရာရှိအပိုင်းတွေတော့ဘာမှ မဖြစ်လိုက်ဘူး သေသွားတဲ့တစ်ယောက်ကိုတောင်လမိုင်းသုဿာန်မှာပဲ သင်္ဂြိုလ်တာဒဏ်ရာရတဲ့သူအခြေအနေကတော့ မသိရဘူး သေချာတာက တစ်ယောက်ကသေတယ် တစ်ယောက်ကဒဏ်ရာရတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေလိုက်ပါလာတဲ့ ယာဉ်တန်းပစ်ခတ်ခံရတယ်လို့ကြားသိရပေမဲ့ ထိခိုက်ဒဏ်ရာရရှိတာမျိုးမကြားသိရသလို အခုလိုပစ်ခတ်ခံရပြီးနောက်ပိုင်းမှားအရင်လို လက်နက်ကြီးပစ်ခတ်တာ ၊စစ်ဆေးတာမျိုးတောင်မရှိတော့ဘူးလို့ ရေးမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။
အခုလိုစစ်တပ်လက်အောက်ခံထွေအုပ်ခရိုင်မှူး လိုက်ပါလာတဲ့ယာဉ်တန်းတိုက်ခိုက်ခံ ရတာနဲ့ပတ်သက်ပြီးနယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေဘက်မှတစ်စုံတစ်ရာထုတ်ပြန်ကြေညာထားတာမျိုးမရှိသလို ကျွန်မတို့ဖားစည်သံသတင်းဌာနအနေနဲ့လည်းသီးခြား အတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။
ရေးမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ဝင်း၊ဂိတ်တွေနဲ့စစ်တပ်လက်အောက်ခံဌာနဆိုင်ရာရုံးတွေတိုက်ခိုက်ခံရတာမှာအခုဖေဖော်ဝါရီလတစ်လအတွင်း၅ကြိမ်ထပ်မနည်းရှိနေပြီဖြစ်ပြီး စစ်ကောင်စီတပ်သားတွေသေဆုံးတာမှာလည်း ၁၀ဦးထပ်မနည်းရှိနေပြီဖြစ်တယ်လို့နယ်မြေခံတော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်များအရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)