ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က ဆက်တိုက်စစ်ကြောင်းထိုးနေတာကြောင့် စစ်ဘေးတိမ်းရှောင် နေရတဲ့ သူတွေအခက်အခဲတွေနဲ့ ရင်ဆိုင်နေရ

ဩဂုတ်လ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ကနေ ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့အထိ စစ်ကြောင်းဆက်တိုက်ထိုးနေတာကြောင့် ရေဖြူမြို့နယ်အတွင်း နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေ အခက်အခဲတွေနဲ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နဘုလယ်ဒေသ ရေနက်ဆိပ်ကမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေေနဲ့ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အခြေစိုက်စစ်ကောင်စီတပ်သားတွေက ရေဖြူမြို့နယ်၊ ဝဇွမ်းတောကျေးရွာနဲ့ အနီးတဝိုက်ရွာတွေဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် စစ်ဘေးရှောင် ၁၅၀၀ ကျော် စစ်ဘေးတိမ်းရှောင် နေရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။

“အခုက ၇ ရွာလောက်ထွက်ပြေးနေကြရတယ်။ မူးဒူးကတော့ အရင်တစ်ခေါက်ဝင်ကတည်းက ရှောင်နေရတာ။ ၈ ရက်နေ့ကတည်းက စစ်ကြောင်းက ဆက်တိုက် ထိုးနေတာ။ တောနင်းပြီး ဝင်တာဆိုတော့ ပြည်သူတွေလည်း အခက်အခဲဖြစ်တယ်။ ဘယ်မှာ နေလို့၊ နေရမယ်မှန်းမသိ ဖြစ်နေကြတယ်။ နယ်မြေအေးတဲ့နေရာတွေမှာ ရှောင်ကြတယ်။ စစ်ရှောင် ၁၅၀၀ လောက်ရှိတယ်” လို့ သူကအခုလိုပြောပါတယ်။

အခုလက်ရှိ စစ်ဘေးတိမ်းရှောင်နေရတဲ့ ရွာတွေက ခမောင်းချောင်း၊ ဝက်ချောင်း၊ ဧကနိ၊ ဝဇွမ်းတော၊ ကုန်းသာယာအင်း၊ ရငဲ စတဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။

နေအိမ်စွန့်စွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေထဲက တောတောင်တွေထဲ တိမ်းရှောင်နေရတဲ့ သူတွေ ၃၀ ဝန်းကျင်လောက်ရှိပြီး တိမ်းရှောင်နေရတဲ့သူတွေ အနေနဲ့ စားရေးသောက်ရေးနဲ့ နေထိုင်ဖို့နေရာတွေ ခက်ခဲနေတယ်လို့ စစ်ရှောင်နေရတဲ့ ဒေသခံကပြောပါတယ်။

“ဝဇွမ်းတောဘက်ကဆို တောထဲမှာ ရှောင်နေကြရတဲ့သူတွေ ရှိတယ်။ တခြားရွာတွေဘက် ရှောင်နေရတဲ့ သူတွေလောက်တော့ ဘယ်အဆင်ပြေပါ့မလဲ။ တောထဲမှာဘဲ့ ရှာဖွေစားသောက်ပြီး နေနေကြရတာပေါ့။ ဧကနိဘက်မှာလည်း ရိက္ခာက မျှဝေစားသောက်နေရတော့ လုံလောက်မှုမရှိဘူး။ ကျနော်တို့အနေနဲ့ သွားကူပေးဖို့ကလည်း စစ်ကြောင်းကမထွက်သေးတော့ သွားလို့မရဖြစ်နေတယ်” လို့ သူကပြောပါတယ်။

အခုလက်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းက ဝဇွမ်းတောရွာ ဘုန်းကြီးကျောင်းမှာရှိနေပြီး ဩဂုတ်လ ၁၇ ရက်နေ့ မနေ့ကလည်း လဲရှောင်ကျေးရွာက ရွာသား ၃ ဦးကို ဖမ်းဆီးထားပြီး အခုထိပြန်မလွှတ်ပေးသေး ဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

“စစ်ရေးအနေအထားက ဝဇွမ်းတောကို ဒုတိယအကြိမ်ပြန်ဝင်ပြီး ဘုန်းကြီးကျောင်းမှာနေနေတယ်။ မနေ့ကလည်း လဲရှောင်ရွာဘက်က ရွာသား ၃ ယောက်ကို ဖမ်းသွားတာလည်း အခုထိမလွတ်သေးဘူး။ ပြီးတော့ စစ်သားတွေက သစ်တိုထောက်ရွာဘက်တွေမှာလည်းရှိတယ်။ တောထဲမှာ လည်းရှိနေ သေးတယ်” လို့ သူကပြောပါတယ်။

စစ်ဘေးရှောင်တွေကတော့ တောတောင်တွေထဲတိမ်းရှောင်နေတာရှိသလို တချို့ စစ်ဘေးရှောင် တွေကလည်း ထားဝယ်မြို့ပေါ်တွေနဲ့ နီးစပ်ရာ ရွာတွေဘက်ကို တိမ်ရှောင်နေကြတယ်လို့ သိရပါတယ်။ နဘုလည်ဒေသအတွင်း စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရတဲ့ လူဦးရေ ၂၀၀၀ ဝန်းကျင်လောက် ရှိတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေတဲ့ သူတွေဆီကနေသိရပါတယ်။

ရေဖြူမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက ဝဇွမ်းတောရွာက နေအိမ် ၃ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တဲ့အပြင် ဧကနိရွာက နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ဘုန်းကြီးတစ်ပါး၊ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ကျည်ထိ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသအတွင်း သတင်းအရင်းအမြစ်တွေအရသိရပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတဲ့ ကာလအတွင်း ဒေသကာကွယ်ရေးတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိတယ်လို့ ဒေသခံတစ်ဦးကပြောကြားခဲ့ပေမယ့် ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

အခုလက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်သားတွေအနေနဲ့ ရေဖြူမြို့နယ်၊ နဘုလည် ဒေသအတွင်း ရှိနေသေးတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်ပြန်ဖို့ ခက်ခဲနေပြီး ဩဂုတ်လ ၈ ရက်နေ့ ကတည်းက ဖမ်းခံထားရတဲ့ ရွာသားတွေထဲက ၁၁ ဦးကို အခုချိန်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)