ရမ်းဖိုရွာမှာ စစ်ကောင်စီတပ် စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံး

ဖေဖော်ဝါရီလ ၂၈ရက်နေ့၊ ၂၀၂၄ခုနှစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီးမှာ ဆီအုန်းတောဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီလွတ်မြောက်ရေး အင်အားစုရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၆ရက်နေ့မှာ ခမရ (၅၅၆) တပ်ရင်းကနေ စတင်ထွက်ခွာလာတဲ့အချိန် မနက် ၄နာရီခွဲလောက်မှာတော့ ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖိုကျေးရွာအနီး၊ ဆီအုန်းတောဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၅၀ပါ စစ်ကြောင်းကို မနက် ၈နာရီ မိနစ် ၂၀လောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ (TLF)ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“ စကစ စစ်ကြောင်းကတော့ အဲ့ဒီနားတဝိုက်မှာအမြဲလှုပ်ရှားမှုရှိပါတယ်။ ပြောက်ကျားမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ” လို့သူက အခုလိုပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီတပ်တွေဘက်က လက်နက်ငယ်တွေနဲ့ မိနစ် ၂၀လောက် တဖက်သတ် ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ (TLF)ရဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“ သူတို့ဘက်ကဘဲ့ ရမ်းပစ်တာပါ။ ကျနော်တို့ဘက်က မောင်းပြန်သေနတ်အင်အား နည်းတဲ့အတွက် ရင်ဆိုင် ပြန်လှန်ပစ်ခတ်တာ မလုပ်ခဲ့ဘူး။ အထိအခိုက်မရှိတော့ ပြန်ဆုတ်နိုင်ခဲ့တယ်”လို့ သူကပြောပြပါတယ်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေဘက်က စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးခဲ့ပြီး ၅ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်အရ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့နေရာကို TLFက နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန် အရေးပေါ်ကုသထားတဲ့ ဆေးဝါးပစ္စည်းတွေနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အသုံးအဆောင်တွေကိုလည်း တွေ့ရှိခဲ့တယ်လို့ (TLF) တာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖေဖော်ဝါရီလ လအစပိုင်းကလည်း ရမ်းဖိုးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို TLFက မိုင်းဆွဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သေးတယ်လို့ တော်လှန်ရေးတပ်တွေရဲ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- CJ

Phar Si Than (People’s Radio Myanmar)