ရန်ကုန်-မော်လမြိုင်လမ်းကားလမ်းအနီး သစ်ကွင်းလမ်းစုံဂိတ်တဝိုက်မှာ ကင်းပုန်း​ဝပ်နေနဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံး

စက်တင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ရန်ကုန်-မော်လမြိုင် ကားလမ်းအနီး သစ်ကွင်းလမ်းစုံဂိတ်တဝိုက်မှာ ကင်း ပုန်းဝပ်နေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရတာကြောင့် ၅ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၉ နာရီဝန်းကျင်အချိန်မှာ ကျိုက်ထီးရိုးလေးလမ်းခွဲ သစ်ကွင်းလမ်းစုံ ဂိတ်တဝိုက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ကို တောကျီးကန်းစစ်ကြောင်း တပ်ခွဲ(၂)နဲ့ KNU/KNLA ပူးပေါင်းတပ်ဖွဲ့တို့က သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် ၂ ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်သား ၅ ဦးလည်း သေဆုံးခဲ့တယ်လို့ တောကျီးကန်းစစ်ကြောင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရာဇာကျော်ကပြောပါတယ်။

“သူတို့ကင်းပုန်းဝပ်တာကကျတော့ ခဏခဏပေါ့နော် သူတို့လမ်းကြောင်းရှင်းတဲ့အနေနဲ့ သူတို့ သွားရေးလာရေး ကားလမ်း လမ်းကြောင်းရှင်းတဲ့အနေနဲ့ အင်အားကတော့ ၁၀ ယောက်၊ ၁၀ ယောက် ကျော်ပေါ့ အပြန်အလှန်ပစ်ခတ်ခဲ့တယ် တိုက်ပွဲကြာချိန် ၁ နာရီနီးပါးလောက်ကြာတယ် သေဆုံး တာကတော့ နယ်မြေခံမျက်မြင်သက်သေတွေအရသိရတာပါ” လို့ သူကပြောပါတယ်။

အခုလို ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်မှတော့ ထိခိုက်ဒဏ်ရာရရှိတာမျိုးမရှိဘူးလို့ သူကဆက်ပြောပါတယ်။

“ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာတော့ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ယမ်းသမ်းပစ်ခတ် တာတွေပြုလုပ်ခဲ့တယ်” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့တုန်းကလည်း ရန်ကုန်-မော်လမြိုင်အမြန်လမ်း အင်္ဂဘိုကျေးရွာအနီး ဒေါင်းတောင်ကုန်းဝန်ကျင်မှာလည်း စစ်ကောင်စီတပ်ယာဥ်တန်းတိုက်ခိုက်ခံခဲ့ရပြီး ၁၀ ဦးထပ်မနည်း သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကာ ၁ စီး ပျက်စီးခဲ့ပါသေးတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းက စစ်ကောင်စီတပ်စစ်ကြောင်းတွေ၊ စစ်ဆေးရေးဂိတ်တွေ၊ စစ်ကောင်စီတပ်လက်အောက်ခံ ဝန်ထမ်းတွေ၊ သတင်းပေးသူမှာမကြာခဏ တိုက်ခိုက်ခံနေရကာ သေဆုံးမမှုတွေလည်းရှိတယ်လို့ KNLA သတင်းအရင်းမြစ်တွေကဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ၊ ဇူလိုင်လနဲ့ သြဂုတ်လတွေတုန်းကလည်း မော်လမြိုင်-ရေး-ထားဝယ်အမှတ်(၈)လမ်း မကြီးနဲ့ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်ကလမ်းပိုင်းတချို့နဲ့ ကျိုက်ထိုမြို့နယ်တွေက လမ်းပိုင်းတွေမှာပါ နယ်မြေစိုးမိုးရေးနဲ့ စစ်ဆေးရေးကိုလုပ်ဆောင်နေတာဖြစ်ပြီး လမ်းပိုင်းအတွင်း စစ်ဆေးနေချိန် နှစ်ဖက်ထိတွေ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သတင်း – နော်ဖူးဖူး

ရုပ်သံ – တောကျီးကန်းစစ်ကြောင်း

Phar Si Than (People’s Radio Myanmar)