
ဖေဖော်ဝါရီလ ၃ရက်နေ့၊ ၂၀၂၄ခုနှစ်
စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်ရှိ ဘန်လောရွာမှာ ဒေသတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ၃ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်တွေဘက်က အထိနာများတာကြောင့် စစ်တပ်က ဘန်လောရွာကို လေကြောင်းကနေ ပစ်ကူပေးခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီလ ၂ရက်နေ့၊ နေ့လည် ၂နာရီလောက်မှာ မြိတ်လေတပ်ကနေ Mi-2 ရဟတ်ယာဉ်နဲ့ ဘန်လောအရှေ့ရွာဘက်ကို ဗုံးသီး ၉လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။
“ ဘန်လောကို ၉လုံးချတယ်။ ပထမ ၁ပတ်မှာက ၅လုံး၊ ဒုတိယတပတ်မှာက ၄လုံးချတယ်။ တိုက်ပွဲဖြစ်နေတာ ၃ရက်လောက်ရှိပြီ။ သူတို့ ဘန်လောဘက်ကို စစ်ကြောင်းဝင်နေတာ” လို့ သူက အခုလိုပြောပါတယ်။
အဆိုပါ ရဟတ်ယာဉ်က ဘန်လောရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် ကျွန်းစုမြို့နယ်ရှိ မင်းဂုတ်ရွာကိုလည်း ဗုံးသီး ၆လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုမှာတော့ ဒေသတွေက တိုက်ပွဲစတင်ဖြစ်ပွားတဲ့အချိန်ကစပြီး ထွက်ပြေးတိမ်းရှောင်နေတာကြောင့် အရပ်သားထိခိုက်မှုမရှိဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်တွေက တနင်္သာရီမြို့ပေါ်ကနေ ဘန်လောရွာဘက်ကို အင်အား ၁၅၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ တောလှန်ရေးရဲဘော်တစ်ဦးက ဆက်ပြောပါတယ်။
အဲ့ဒီ ၃ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဘက်က ၂၀ကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
တနင်္သာရီမြို့နယ် ဒေသခံတစ်ဦးက “ သူတို့က ထိသွားတဲ့ သူတွေကို ကားနဲ့မြို့ပေါ်ကို ပြန်သယ်သွားလိုက်၊ ပြီးတော့ အင်အာ ထပ်လာဖြည့်လိုက်နဲ့ သွားလိုက်လာလိုက် လုပ်နေကြတယ်” လို့သူက ပြောပြပါတယ်။
စစ်ကောင်စီတပ်က တနင်္သာရီတိုင်းကို လေကြောင်းတိုက်ခိုက်မှုတွေစတင်လုပ်ဆောင်နေပြီး ဇန်နဝါရီလ ၃၀ရက်နေ့ကလည်း ပုလောမြို့နယ်ရှိ မီးလောင်ချောင်းရွာတိုက်ပွဲမှာလည်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)