တနင်္သာရီမြို့နယ်က စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရတာကြောင့် အရာခံဗိုလ်တစ်ဦး အပါအဝင် နှစ်ဦး သေဆုံး

စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်

တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်ရှိ စစ်ဆေးတင်းကြပ်ပြီး အင်အား ၁၀ ဝန်းကျင်လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တခုကို သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၁)ရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့၊ မနက် ၅ နာရီ ၄၅ မိနစ်လောက်မှာ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ ညောင်ပင်ကွင်း တံတားစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်ချိန် ၂၅ မိနစ်လောက် ကြာမြင့်ခဲတယ်လို့ မြိတ်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၁) ရဲ့ တာဝန်ရှိသူဆီက ဆိုပါတယ်။

“အာဏာသိမ်းပြီးကတည်းက ဂိတ်ချထားတယ်။ အင်အားက ပုံမှန်ဆို ငါးယောက် ခုနစ်ယောက် လောက်ရှိတယ်။ တခါတလေ ၁၀‌ လောက်ရှိတယ်။ အပြန်အလှန် ပစ်ခတ်ကြတယ်။ ၂၅ မိနစ်လောက် ကြာတယ်” လို့ သူကအခုလို ဆိုပါတယ်။

အဆိုပါ စစ်ဆေးရေးဂိတ်ဟာ ညောင်ပင်ကွင်းရွာ အခြေစိုက် ခမရ (၅၆၁) တပ်ရင်းနဲ့ အနီးကပ်တည်ရှိပြီး အဲ့ဒီဂိတ်မှာ စစ်ကောင်းစီတပ်သားတွေနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး စစ်ဆေးတာနဲ့ ငွေကြေးတောင်းခံ လေ့ရှိတယ်လို့ တနင်္သာရီမြို့နယ် ဒေသခံတစ်ဦးက ပြောပြပါတယ်။

“အခုတိုက်ခိုက်ခံရတာက တပ်အနီးနားက စစ်ဆေးရေးဂိတ်ပါ။ တခါတလေ တောင်းတယ်။ တောင်းတဲ့ အချိန်ဆိုလည်း အရမ်းရစ်ပြီး ငွေတောင်းကြမ်းတယ်။ တပ်ရင်းရဲ့ အဝင်အထွက်ဂိတ်လိုမျိုးဖြစ်တဲ့အတွက် စစ်ဆေးတင်းကြပ်တယ်” လို့ သူကပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုဖြစ်နေစဉ်အတွင်း စစ်ကောင်စီတပ်ရင်းက စစ်ကူအင်အား ၁၀ ကျော်လောက်လာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပစ်ခတ်မှုအတွင်း စစ်တပ်ဘက်က အရာခံဗိုလ်တစ်ဦးအပါအဝင် တပ်သားတစ်ဦး နေရာမှာတင် ကျည်ထိသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

တိုက်ခိုက်မှုအတွင်းပါဝင်တဲ့ ရဲဘော်တစ်ဦးက “ထိတွေ့တိုက်ပွဲဖြစ်နေတုန်း တပ်ရင်းကနေ ၁၀လောက် ရောက်လာကြတယ်။ ကျနော်တို့ဘက်တော့ ထိခိုက်မှုမရှိခဲ့ပါဘူး။ သူတို့ဘက် သေတာကိုတော့ ကျနော်တို့တွေ့ပါတယ်။ ဒဏ်ရာရတာနဲ့ နောက်ထပ်တစ်ယောက်သေတာတော့ မြေပြင်မျက်မြင်နဲ့ တပ်တွင်းရင်းမြစ်က သိရပါတယ်” လို့ သူကဆိုပါတယ်။

ပစ်ခတ်မှုအပြီး အခုလက်ရှိအချိန်မှာတော့ အဲ့ဒီဂိတ်က စစ်ကောင်စီတပ်သားတွေက လမ်းသွား လမ်းလာတွေကို အစစ်အဆေးတင်းကြပ်နေတယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။

ညောင်ပင်ကွင်းရွာ ဒေသခံတစ်ဦးက “အခုလိုမျိုးအခြေအနေမှာ လက်နက်ကြီးက အချိမ်မရွေး ထုနိုင်တယ်။ လက်ရှိအချိန်ထိတော့ မထုသေးဘူး။ တခုခုဖြစ်ပြီဆိုရင် စစ်ဆေးတာက သူတို့ လုပ်နေကြလေ။ သေတဲ့အထဲ ဗိုလ်တစ်ယောက်ပါတော့ သူတို့တပ်ရင်းထဲလည်း ခြေရှုပ်နေတယ်” လို့သူက အခုလိုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၁)နဲ့ တနင်္သာရီမြိုနယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့ သွားရောက်ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ညောင်ပင်ကွင်းတံတား စစ်ဆေးရေးဂိတ်ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၃ ခုနှစ်အတွင်း ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခံရပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဒေသတော်လှန်ရေး သတင်းအရင်း အမြစ်တွေအရသိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ အခြေအနေတွေကြောင့် ဒေသခံတွေ ထောင်နဲ့ချီ တောတောင်တွေထဲ စစ်ဘေးတိမ်းရှောင်နေရပြီး အခုလက်ရှိမှာလည်  စစ်တပ်က ဇဝဲစစ်ဆေးရေးဂိတ်ကို ပိတ်ပင်ထားတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)